ဒီဇင်ဘာ ၄

တန်ဇန်းနီးယားနိုင်ငံမြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပွားသဖြင့် ယမန်နေ့ညနေပိုင်းအထိ သေဆုံးသူ ၄၇ ဦး ရှိလာကြောင်း ဒေသတွင်းတာဝန်ရှိသူများက ပြောကြားသည်။

အဆိုပါရေကြီးရေလျှံမှုနှင့်မြေပြိုမှုတို့ကြောင့် အစောပိုင်းသတင်းထုတ်ပြန်မှုတွင် သေဆုံးသူ ၂၃ ဦးရှိရာမှ ၄၇ ဦးအထိရှိလာသည်ဟု မန်ယာရာဒေသအကြီးအကဲက ပြောကြားသည်။ ဒဏ်ရာရရှိသူ ၈၅ ဦး ရှိသည်ဟု သိရသည်။ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောကြားသည်။ မန်ယာရာဒေသ ဟာနန်ခရိုင်ရှိ ဟာနန်တောင်ကုန်းများတွင် မြေပြိုမှုများကြောင့် ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်သည်ဟု ၎င်းကဆိုသည်။ မိုးရွာသွန်းမှုကြောင့် ကျေးရွာတစ်ရွာလုံး ရွှံ့များဖြင့်နစ်မြုပ်သွားခဲ့ရာ ထိခိုက်ဒဏ်ရာရသေဆုံးသူဦးရေ မြင့်တက် လာနိုင်သည်ဟု ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ ထိုဒေသတွင် လူဦးရေ ၁ ဒသမ ၉ သန်းနီးပါးရှိသည်ဟု သိရသည်။ တန်ဇန်းနီးယားမိုးလေဝသအာဏာပိုင်များက မိုးရာသီကာလဖြစ်သော စက်တင်ဘာလမှ ဒီဇင်ဘာလအထိ အယ်လ်နီညိုအခြေအနေများကြောင့် မိုးရွာသွန်းမှုများထပ်မံဖြစ်ပွားနိုင်ဖွယ်ရှိကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့သည်။ မိုးရွာသွန်းမှုကြောင့် စီးပွားရေးလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ထိခိုက်ခဲ့ရပြီး ရေကြီးရေလျှံမှုအပါအဝင် ပျက်စီးဆုံးရှုံးမှုအကျိုးဆက်များ ဖြစ်ပွားနိုင်ကြောင်းကိုလည်း သတိပေးပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို