မတ် ၂၃
တန်ဇန်နီးယားနိုင်ငံရှိဒေသကြီးလေးခုတွင် ဖေဖော်ဝါရီလ ၁၉ ရက်မှ မတ်လ ၁၅ ရက်နေ့အတွင်း ကာလဝမ်းရောဂါဖြစ်ပွားသူဦးရေ ၆၀ ရှိကြောင်း အာဏာပိုင်များက ယမန်နေ့က ပြောကြားသည်။
မူဝါဒ၊ ပါလီမန်နှင့် ညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးချုပ်ရုံးရှိ ပြည်နယ်ဝန်ကြီး ဂျော့ဆင်းဘတ်ချာဝီနီက မြို့တော် ဒိုဒိုမာရှိ ကာလဝမ်းရောဂါကာကွယ်ရေးပရိုဂရမ်တစ်ခုဆောင်ရွက်နေစဉ် ကာလဝမ်းရောဂါဖြစ်ပွားသူ ၆၀ ရှိရာ ရူဗူမာဒေသတွင် တစ်ဦး၊ ကီဂိုမာဒေသတွင် ခုနစ်ဦး၊ ရူဝါဒေသတွင် ၁၈ ဦးနှင့် ကာကာဗီဒေသတွင် ၃၄ ဦးတို့အသီးသီဖြစ်ကြောင်း ပြောကြားသည်။
နိုင်ငံတစ်ဝန်းထိုရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူမရှိကြောင်း ၎င်းကပြောကြားပြီး အိမ်နီးချင်းမာလာဝီနိုင်ငံတွင် ထိုရောဂါဖြစ်ပွားသူ အများအပြားသေဆုံးပြီးနောက် နိုင်ငံအတွင်း ယင်းရောဂါဖြစ်ပွားမှုနှင့်ပတ်သက်ပြီး အမြင့်ဆုံးသတိပေးချက်ထားရှိသင့်ကြောင်း သတိပေးပြောကြားထားသည်။
မိုဇမ်ဘစ်၊ ဇမ်ဘီယာနှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့တွင်လည်း ကာလဝမ်းရောဂါဖြစ်ပွားနေသည်ဟု ၎င်းကပြောကြားသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ ၁၉၉၇ ခုနှစ်က နိုင်ငံတစ်ဝန်းတွင် ကာလဝမ်းရောဂါဖြစ်ပွားမှု အမြင့်မားဆုံးဖြစ်ပြီး ကာလဝမ်းရောဂါဖြစ်ပွားသူ ၄၀၂၄၉ ဦးရှိပြီး ၂၂၃၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ