ဒါအက်ဇီလန် အောက်တိုဘာ ၁၁
တန်ဇန်းနီးယားနိုင်ငံ၌ လူသားနှင့် တောရိုင်းတိရစ္ဆာန်များအကြား ပဋိပက္ခများ လျော့နည်းလာစေရေးအတွက် တောရိုင်းတိရစ္ဆာန်များ ကျက်စားရာနယ်မြေများ ထိန်းသိမ်းစောင့်ရှောက်ရေး တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘာဝအရင်းအမြစ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ပြောကြားသည်။
တောရိုင်းတိရစ္ဆာန်များ ကျက်စားရာ နယ်မြေများအား လူသားများမှ ကျူးကျော်ဝင်ရောက်မှုမရှိစေရေးအတွက် နိုင်ငံသားများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဂျူမန်ကိုမီက ပြောကြားသည်။
လူသားများသည် တောရိုင်းတိရစ္ဆာန်များ နေထိုင်ကျက်စားရာ နယ်မြေများတွင် စိုက်ပျိုးရေး နှင့်မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်လာကြသောကြောင့် အဆိုပါဆောင်ရွက်ချက်များကို တားမြစ်ရမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ထို့ပြင် တောရိုင်းတိရစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများဖြစ်သော မြေယာဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မွေးမြူရေးဝန်ကြီးဌာနတို့ကိုလည်း အထက်ပါ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ကြရေးအတွက် ၎င်းကညွှန်ကြားခဲ့သည်။ တောရိုင်း တိရစ္ဆာန်များ ကျက်စားရာ နယ်မြေများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် ဂေဟစနစ်ကိုလည်း ဖွံ့ဖြိုးတိုးတက်စေပြီး လူသားနှင့် တောရိုင်းတိရစ္ဆာန်များအကြားရှိ ပဋိပက္ခကိုလည်း လျော့နည်းလာစေမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- စိုးသူရ