တန်ဇန်းနီးယားနိုင်ငံတောင်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၁၆၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

 

ဒါအက်စ်ဆာလမ်း ဧပြီ ၁

တန်ဇန်းနီးယားနိုင်ငံ တောင်ပိုင်း လင်ဒီဒေသရှိ နာချင်ဝီယာခရိုင်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူပေါင်း ၁၆၆၀ ထက်မနည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း နာချင်ဝီယာခရိုင် ကော်မရှင်နာ မိုဟာမက်မိုယိုက မတ် ၃၀ ရက်တွင် ပြောကြားသည်။

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိရန် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိခိုက်ခံစားခဲ့ရသူအချို့ကို အစိုးရကျောင်းများတွင် ယာယီထားရှိထားကြောင်း နာချင်ဝီယာခရိုင် ကော်မရှင်နာ မိုဟာမက်မိုယိုက ပြောကြားခဲ့သည်။

အိမ်အများစုသည် ပြုပြင်၍ မရလောက်အောင် ပျက်စီးခဲ့ပြီး လက်ရှိတွင် ခရိုင်အာဏာပိုင်များက မိုးရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် ပမာဏကို အကဲဖြတ်နေကြောင်း နာချင်ဝီယာခရိုင် သတင်းစာရှင်းလင်းပွဲတွင် နာချင်ဝီယာခရိုင်ကော်မရှင်နာ မိုဟာ မက်မိုယိုက ပြောကြားခဲ့သည်။

တန်ဇန်းနီးယားနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကောက်ပဲသီးနှံများ ပျက်စီးခဲ့ပြီး ထိခိုက်မှု အများဆုံးကျေးရွာမှာ နိုင်ပန်ဂါဒေသရှိ နာဂဂကျေးရွာဖြစ်ကြောင်း မိုဟာမက်မိုယိုက ဆက်လက်ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်