ရွှေဘို ၁၃ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် တံခွန်တိုင်ကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကို မိတ်ဆက်ရှင်းလင်းပြီး ကော်မတီများဖွဲ့စည်းဆောင်ရွက်ခြင်းကို ဇူလိုင် ၁၃ရက်၊ နံနက်၁၀နာရီက ၎င်းကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ကျင်းပသည်။
ရှေးဦးစွာ ရွှေဘိုခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်က ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းသည် နိုင်ငံတော်၏ covid -19 စီးပွားရေးကုစားမှု အစီအစဉ်ကို အထောက်အကူပြုစေပြီး လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများနှင့် အသေးစား စီးပွားရေး လုပ်ကိုင်သူများအတွက် ငွေကြေးအရင်းအနှီးရရှိစေကာ ရရှိလာသောငွေကြေး အရင်းအနှီးဖြင့် မိသားစုဝင်ငွေများ တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကြောင်း ပြောကြားသည်။ ထို့နောက် ကျေးရွာနေပြည်သူများမှ အများသဘောတူ မဲစနစ်ဖြင့် ရွေးချယ်ထားသော အမျိုးသမီး(၄၀)ရာခိုင်နှုန်းပါဝင်သည့် ကိုယ်စားလှယ်( ၇) ဦးဖြင့် ကော်မတီဖွဲ့စည်းခဲ့သည်။
ဆက်လက်၍ ရွှေဘိုမြို့တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ကျေးရွာများအဖြစ် ကျပ်သိန်း (၂၀၀) နှုန်းဖြင့် အိမ်ခြေ(၅၀)နှင့် (၁၀၀)ကြားရှိသော ကျေးရွာ(၁)ရွာ၊ ကျပ်သိန်း(၃၀၀)နှုန်းဖြင့် အိမ်ခြေ (၁၀၀)နှင့် အထက်ရှိသော ကျေးရွာ (၅)ရွာ ရှိကြောင်းနှင့် ယခုကျေးရွာကို ကျေးရွာမတည် ရန်ပုံ ငွေကျပ်သိန်း (၃၀၀)ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူး ဒေါ်ခမ်းအိအိဖြူထံမှ သိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)


