ပခုက္ကူ ၁ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ တန့်ကြည်တောင်ပေါ်ရှိ တန့်ကြည်တောင် စွယ်တော်မြတ် စေတီတော်ကြီးတွင် အစိုးရရုံးပိတ်ရက်ဖြစ်သည့် ဇန်နဝါရီ ၁ ရက်၌ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ တန့်ကြည်တောင် စွယ်တော်မြတ်စေတီတော်ကြီးသည် အနော်ရထားမင်းကြီး တည်ထား ကိုးကွယ်တော်မူခဲ့သော ရွှေစည်းခုံစေတီ၊ လောကနန္ဒာစေတီ၊ တန့်ကြည်တောင်စေတီနှင့် တုရင်တောင် စေတီ စသည့် စွယ်တော်လေးဆူတို့တွင် တစ်ဆူအပါအဝင် ဖြစ်သည်။

“ယခုနှစ်သစ်ကူးမှာတော့ စွယ်တော်လေးဆူကို အဓိကထားပြီး ဖူးမြော်ချင်လို့ ဘုရားဖူး ထွက်လာတာပါ၊ ခုမနက်ပိုင်းကိုတော့ တန့်ကြည်တောင် စေတီတော်ကို လာရောက်ဖူးမြော်တာပါ၊ ပြီးရင်ကျန်ရှိနေတဲ့ စွယ်တော်စေတီဘုရားများနှင့် ပုဂံရှိ တန်ခိုးကြီး စေတီဘုရားတွေကို ဆက်လက်ဖူးမြော်မှာပါ၊ နောက်ပြီး ပခုက္ကူမြို့ပေါ်ရှိ သီဟိုဠ်ရှင်၊ ရွှေမုဌောစေတီ ဘုရားများကို ဆက်လက်ဖူးမြော်မှာပါ၊ အခု တန့်ကြည်တောင် စေတီတော်ဟာဆိုရင် တောင်ပေါ်မှာရှိပြီး တန်ခိုးကြီးစေတီဖြစ်သောကြောင့် လာရောက်ဖူးမြော်ရတာ ကုသိုလ်ရရှိသည့်အပြင် စိတ်နှလုံးကို ရွှင်လန်းချမ်းမြေ့စေပါတယ်” ဟု မုံရွာမြို့မှ ဘုရားဖူးခရီးသွားသူ မဝတီဝင်းက ပြောသည်။
ထိုမြတ်စွယ်တော် လေးဆူဘုရားများအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် အလှူငွေများကို အညီအမျှ ကပ်လှူပူဇော်ပါက လိုရာဆန္ဒပြည့်ဝမည်ဟု ယုံကြည်ကြသောကြောင့် အဖွဲ့များ၊ သူငယ်ချင်းများနှင့် မိသားစုများအလိုက် လာရောက်ဖူးမြော်ကာ အလှူအတန်းများ ပြုလုပ်တတ်ကြပြီး ပုဂံညောင်ဦးမှတစ်ဆင့် ဧရာဝတီမြစ်ကို စက်လှေများဖြင့်လည်းကောင်း၊ ပခုက္ကူမြို့မှတစ်ဆင့် မော်တော်ယာဉ်များဖြင့်လည်းကောင်း သွားရောက်ဖူးမြော် ကြည်ညိုနိုင်သည်။

“တန့်ကြည်တောင် စေတီတော်ကြီးသည် အစိုးရရုံးပိတ်ရက်များနှင့် အထိမ်းအမှတ် နေ့ထူးနေ့မြတ်တွေမှာ နေရာအသီးသီးမှ လာရောက်ဖူးမြော်သည့် ဗုဒ္ဓဘာသာဝင်ပြည်သူများဖြင့် အမြဲစည်ကားလျက်ရှိပါတယ်။ ဒါ့အပြင် အခါအားလျော်စွာ ပုဂံဘုရားဖူးသည့် ပြည်သူများလည်း လာရောက်ဖူးမြော်တာ ရှိပါတယ်။ အထူးသဖြင့် စေတီတော်၏ သမိုင်းသိရှိတဲ့ သူတွေပေါ့ဗျာ၊ ပခုက္ကူတက္ကသိုလ်တွင် အဆင့်မြင့်ပညာသင်ကြား၊ သင်ယူနေကြသည့် ဆရာ/ မများနှင့် ကျောင်းသား ကျောင်းသူ ဗုဒ္ဓဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေပါ လာရောက်လေ့လာ ဖူးမြော်ကြပါတယ်၊ ကျွန်တော်ကတော့ စွယ်တော်မြတ်စေတီတော်ကြီးကို လာရောက်ဖူးမြော်သူများ စိတ်ရွှင်လန်းချမ်းမြေ စေရန် သန့်ရှင်းရေးနှင့် လေကောင်း လေသန့်ရဖို့အတွက် လုပ်ကိုင်ရင်း ကုသိုလ်ယူနေပါတယ်” ဟု တန့်ကြည်တောင် စွယ်တော်မြတ်စေတီတော်ကြီး ဂေါပကအဖွဲ့ဝင် တစ်ဦးက ပြောသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)