မတ္တရာ ၅ ဇန်နဝါရီ
ပြင်ဉီးလွင်ခရိုင် မတ္တရာမြို့နယ် ကျောက်စရစ်တောင်ကျေးရွာတွင် ဖြတ်သန်းစီးဆင်းသွားသော တံငါချောင်း(ချောင်းမကြီးချောင်း) ရေတိုက်စားမှုမှ ကာကွယ်နိုင်ရေးအတွက် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါကျေးရွာရှိ ချောင်းဘေးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကမ်းပါးပြိုကာကွယ်ရေး သစ်ပင်စိုက်ပျိုးပွဲတွင် ကုက္ကိုပင် (၃၀၀)၊ ပင်လယ်ကဗွီးပင် (၁၀၀)၊ အုတ်နဲပင် (၈၀)၊ မယ်ဇယ်ပင် (၇၀)၊ ရေသင်းဝင်ပင် (၈၀) စုစုပေါင်း အပင် (၆၃၀)အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလွင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းကြိုင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းကျော်နှင့် ဝန်ထမ်းများ၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတေဇာထွန်းနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများမှ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အဆိုပါ ချောင်းမကြီးချောင်းသည် ဆည်တော်ကြီးဆည်အတွင်းမှ ပိုလျှံရေများအား ထုတ်လွှတ်သော ချောင်းဖြစ်ပြီး နှစ်စဉ်မိုးရာသီကာလ ရေများချိန်တွင် ကမ်းပါးများပြိုကျမှုကြောင့် ကမ်းပါးပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)