တနင်္သာရီ၊ ပုလော၊ တန့်ယန်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၁ မေ 
    

 

တနင်္သာရီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၉ ရက် ညနေပိုင်းက တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအုပ်စု၊ ဇလုံးကျေးရွာ၊ မြိတ်-တနင်္သာရီ ကားလမ်းမပေါ်၌ ရပ်တန့်ထားသည့် Vigo အမျိုးအစားမော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် မအေးမိုးကြွယ်၊ ကောင်းထက်ပိုင်(ခ)ပိုင်ပိုင်နှင့် ဖြူတုန်း(ခ)သန်းမင်းစိုးတို့အား တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေး ၁၀၇၁၂ ပြား၊ ငွေကျပ် ၅၀ဝ၀ဝ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။  
    

 

အလားတူ ယင်းနေ့မွန်းလွဲ ၁ နာရီက ပုလောမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုလောမြို့နယ်၊ လက္ကူးကျေးရွာအုပ်စု၊ ပဲ့ထောက်ကျေးရွာနေ စောဗန္ဓုလ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဇနီးဖြစ်သူ ဒေါ်နော်မမဲ (ခ) မြစိန် (ခ) နော်သူးကို တွေ့ရှိရပြီး  ဘိန်းစာမှုန့်  ၂၄၄ ဒသမ ၉၅ ဂရမ်နှင့် တူမီးသေနတ်တစ်လက် တို့ကိုသိမ်းဆည်းရမိခဲ့သသည်။ 
    

 

ထို့အတူ မေ ၂၀ ရက် ညနေပိုင်းတွင် တန့်ယန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တန့်ယန်းမြို့၊ အမှတ်(၇)ရပ်ကွက်နေ ဒေါ်နိုင်းပလိတ်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၇၆၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ 

 


MDN