မြိတ် ၉ ဒီဇင်ဘာ
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ် စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ(၈)ရက် မွန်းလွဲပိုင်းက မြိတ်မြို့ရှိ သမုတ်-လွတ်လွတ် တံတားတည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုရားကြီး-မော်လမြိုင်-ထားဝယ်-မြိတ်-ကော့သောင်းလမ်း (ပုလော- မြိတ်လမ်းပိုင်း)အား သွားရောက်ကြည့်ရှုခဲ့ကြပြီး သမုတ်-လွတ်လွတ်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်အား ရောက်ရှိခဲ့ကြရာ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄) ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်မျိုးထွန်းက တံတားတည်ဆောက်နေမှုအခြေအနေများကို လိုက်လံ ရှင်းလင်းပြသခဲ့သည်။
ဆက်လက်ပြီး တံတားတည်ဆောက်ရေးလုပ်ငန်း ရှင်းလင်းဆောင်၌ ဝန်ကြီးချုပ်နှင့်အဖွဲ့အား တံတား ဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄) ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မျိုးထွန်း က တနင်္သာရီ တိုင်းဒေသကြီး၌ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄)မှ တာဝန်ယူတည်ဆောက်လျက်ရှိသော သမုတ်-လွတ်လွတ်တံတား ၊ မင်းသန်း-မောင်းလှော်တံတား၊ တနင်္သာရီတံတား၊ ဗောဓိကမ်းတံတား၊ ဖောင်ဆိပ်တံတား၊ ပုလုံးတုံးတုံးတံတား တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြပြီး လမ်းဦးစီးဌာန ညွှန်ကြား ရေးမှူး(မြို့ပြ) ဦးသက်ဇော်ဝင်း က တံတားချဉ်းကမ်းလမ်းပိုင်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်း လင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ် က လမ်း/တံတား တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ကာလနှင့် စံချိန် စံညွှန်း အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
သမုတ်-လွတ်လွတ်တံတားသည် (၁၂၈၇)ပေရှည်ပြီး ယာဉ်သွားလမ်းအကျယ် (၂၄)ပေရှိကာ လူသွား လမ်းအကျယ် တစ်ဖက်(၃)ပေဖြင့် တည်ဆောက်လျက်ရှိကြောင်း၊ တံတားကို Bored Pile အုတ်မြစ်၊ R.C Concrete ကိုယ်ထည်၊ P.C Girder , Steel Box Girder & R.C Decking အပေါ်ထည် အမျိုးအစား ဖြင့် တည်ဆောက်လျက် ရှိကြောင်း၊ တံတားကို ရန်ပုံငွေစုစုပေါင်း ကျပ်သန်း(၁၁၈၀ဝ)ဖြင့် တည်ဆောက် လျက်ရှိကြောင်း၊ ယခုလက်ရှိ အချိန်တွင် တံတားတည်ဆောက်မှုလုပ်ငန်း (၇၉)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ တံတား တည်ဆောက် ပြီးစီးပါက ခရီးသွားပြည်သူများ နေ့စဉ်သွားလာလျက်ရှိသော ရှောင်ကွင်းလမ်းထက်(၁၁)မိုင် ယာဉ်မောင်းချိန် (၄၅)မိနစ်ခန့် သက်သာမည်ဖြစ်ကြောင်း တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄) မှ သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )