မြိတ် ၁၇ ဇန်နဝါရီ
တနင်္သာရီ ကမ်းရိုးတန်းရေပြင်သည် ရေမိုင် ၈၀ဝ ရှည်လျားကာ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလှေ များဖြင့် ရေလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြပြီး ဒေသခံပြည်သူများမှ စားဝတ်နေရေးအတွက် မိရိုးဖလာ တံငါလုပ်ငန်းဖြင့် ဝမ်းစာရှာဖွေ လုပ်ကိုင်နေကြသော ကမ်းနီးရေပြင်တွင် ကမ်းဝေးတရွတ်ဆွဲ ငါးဖမ်းလှေများမှ လှေနာမည်နှင့် နံပါတ်များကိုပိတ်၍ ဥပဒေမဲ့ ဝင်ရောက်ဖမ်းဆီးမှုများ ရှိလာခဲ့ကြကြောင်း သိရသည်။
ကမ်းဝေးတရွတ်ဆွဲ ငါးဖမ်းလှေများမှ လှေနာမည်နှင့် နံပါတ်များကိုပိတ်၍ ကမ်းနီးရေပြင်တွင် ဥပဒေမဲ့ ဝင်ရောက်ငါးဖမ်းဆီးလာကြသဖြင့် ဒေသခံများ ဝမ်းစာရှာဖွေ အလုပ်အကိုင် အခက်အခဲဖြစ်လာကြသည်ကို သက်ဆိုင်ရာသို့ လွှတ်တော်ကိုယ်စားလှယ်များမှ တင်ပြကြသော်လည်း အောက်ခြေမှာ ငါးခိုးဖမ်းခြင်းကိစ္စ ပျောက်ပျက်သွားခြင်း မရှိခဲ့သဖြင့် ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းမှ နိုဝင် ဘာလ၌ ရေပြင်ကွင်းဆင်း၍ ဥပဒေမဲ့ငါးခိုးဖမ်းခဲ့ကြသည့် ကမ်းဝေးတရွတ်ဆွဲ ငါးဖမ်းလှေ(၁၀)စီးကို ဒုံးညောင် မှိုင်းကျေးရွာအနီး ၊ ဒိုမယ်ကျွန်းအနီးနှင့် မလိကျွန်းအရှေ့ ကမ်းနီးရေပြင်တို့တွင် မှတ်တမ်းများရယူနိုင်ခဲ့ကာ သက်ဆိုင်ရာသို့ အချက်အလက်များနှင့်တကွ တင်ပြခဲ့ကြောင်း သိရသည်။
“ ကျွန်းစုမြို့နယ်မှာ အဓိကအားဖြင့် ကမ်းနီးရေလုပ်သားတွေများပါတယ်။ ကမ်းနီးရေလုပ်သားထဲမှာ ဝါလတ်လှေကို ပိုင်ဆိုင်တဲ့သူမရှိသလောက်ပဲ။ တခြားနေရာကလာပြီး ဝင်ရောက်ဖမ်းဆီးပါတယ်။ ပြည်သူများက ဒေသမှာ တရားမဝင် ငါးခိုးဖမ်းလှေကြီးတွေ ငါးခိုးဖမ်းတဲ့အတွက်ကြောင့် စားဝတ်နေရေးခက်ခဲနေပါတယ်။ ဒေသမှာ ရေရှည်ရပ်တည်ဖို့ မနေနိုင်တော့ပါဘူး။ စီးပွားရေးကလည်း အင်မတန်ထိခိုက်နေပါတယ် တင်ပြကြတယ်။ လွှတ်တော်ထဲမှာလည်း ကျွန်တော် အကြိမ်ကြိမ်တင်ပြတယ်။ ဒါပေမယ့် အောက်ခြေမြေပြင်မှာ ထိရောက်စွာ အရေးယူနိုင်မှု အားနည်းပါတယ်။ အဲလိုအခြေအနေမျိုးဖြစ်တဲ့အတွက် ကျွန်တော်ကိုယ်တိုင် နိုဝင်ဘာ(၃)ရက်မှ (၁၀)ရက်အထိ ကွင်းဆင်းပြီး အထောက်အထားရယူခဲ့ပါတယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဟိန်း က ပြောသည်။

တရွတ်ဆွဲ ကမ်းဝေးငါးဖမ်းလှေ(ဝါလတ်) လှေကြီး(၁၀)စီးသည် ကမ်းနီးရေပြင်သို့ ဥပဒေမဲ့ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းအပေါ် ထိရောက်စွာ အရေးယူပေးပါရန် တိုင်ကြားလာခြင်း ကိစ္စနှင့်ပတ်သက်၍ ဇန်နဝါရီလ(၁၄) ရက်က မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနတွင် လွတ်တော်ကိုယ်စားလှယ်များ၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးလုပ်ငန်း အဖွဲ့ချုပ်၊ ရေလုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် ရေယာဉ်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဥပဒေမဲ့ဝင်ရောက်ဖမ်းဆီးခဲ့သည့် တရွတ်ဆွဲ ကမ်းဝေးငါးဖမ်းလှေ(ဝါလတ်) လှေကြီး(၁၀)စီးသည် မည်သည့်ငါးဖမ်းလှေ၊ လှေပိုင်ရှင်အမည်၊ ငါးဖမ်းလှေများ ဝင်ရောက်ဖမ်းဆီးခဲ့သည့် နေရာသည် ကမ်ခြေမှ (၁၀)မိုင်အတွင်း ဟုတ်မဟုတ်၊ တည်နေရာ လတ္တီတွဒ်၊ လောင်ဂျီတွဒ် မြေပုံအထောက်အထားများဖြင့် အမြန် ဆုံး စိစစ်ဖော်ထုတ် အရေးယူနိုင်ရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနမှ တနင်္သာရီတိုင်းဒေသကြီး ဒုတိယတိုင်း ဒေသကြီး ဦးစီးမှူး ဦးဆောင်သော အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးခဲ့ကြောင်း ငါးဦးစီးဌာနမှ သိရသည်။
“ တင်ပြထားတဲ့နေရာတွေက ဥပဒေမဲ့ဝင်ရောက်ဖမ်းဆီးခဲ့သည့် ကမ်းဝေးလှေများသည် ကမ်းနီးဧရိယာ ထဲရောက်နေတယ်ဆိုတာသေချာပါတယ်။ မည်သည့်အကြောင်းပြချက်နဲ့မျှ နာမည်တွေ နံပါတ်တွေ မဖုံးအုပ်ဖို့ ညွှန်ကြားထားတာဖြစ်တဲ့အတွက် ဒါလည်းပဲတရားမဝင်ဘူးဆိုတာပေါ်ပေါက်တယ်။ ဖော်ထုတ်ဖို့ ဆောင်ရွက်နေတာက ဘယ်လှေတွေလဲ၊ ပိုင်ရှင်ကဘယ်သူလဲ၊ လိုင်စင်နံပါတ်က ဘယ်လောက်လဲ ဖော်ထုတ်မှာပါ။ အကြမ်းဖျင်းတော့ ရနေပါပြီ။ ပြန်တိုက်ဆိုင်စစ်ဆေးပြီး တစ်စီးချင်းစစ်ဆေးမယ်”ဟု ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်း ဒေသကြီး ဦးစီးမှူး ဦးမြင့်ရွှေက ပြောသည်။
ရေသယံဇာတ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဒေသခံပြည်သူများ အကျိုးစီးပွားအတွက် လွှတ်တော် ကိုယ်စားလှယ်များနှင့် ငါးလုပ်ငန်းဦးစီးဌာနတာဝန်ရှိသူများ၊ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ရေလုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် ရေယာဉ်ကိုယ်စားလှယ်များမှ တရွတ်ဆွဲ ကမ်းဝေးငါးဖမ်းလှေ (ဝါလတ်) လှေကြီး(၁၀) စီး ကမ်းနီးရေပြင်သို့ ဥပဒေမဲ့ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းအပေါ် ထိရောက်စွာအရေးယူနိုင်ရန် ပွင့်လင်းမြင်သာစွာ ဆွေးနွေးခဲ့ကြသည်။

“ ကမ်းနီးကမ်းဝေး သတ်မှတ်ချက်မှာ ကျွန်းတွေရဲ့ အဝေးဆုံးကျွန်းမှ ပင်လယ်ပြင်ဘက်ကို ကမ်းဝေး သတ်မှတ်စေချင်တယ်။ လက်ရှိဥပဒေအဟောင်းမှာကျတော့ ကျွန်းတွေကိုပတ်ဝိုင်းပြီး တစ်ချို့ကျွန်းတွေက ကမ်းဝေးထဲရောက်နေတယ်။ ပြည်သူများအထင်အမြင်မှားစေတဲ့ ကမ်းနီးကမ်းဝေးပြသနာ ဖြစ်ပေါ်စေနိုင်ပါ တယ်။ ဖမ်းဆီးရမိတဲ့ စည်းကမ်းပျက်လှေတွေမှာ လှေသားတွေ အဖမ်းခံရတာအကျိုးမရှိဘူး။ အပြစ်ရှိတဲ့ ပဲ့နင်းတွေကို ပြစ်ဒဏ်များများနဲ့ လှေပိုင်ရှင်တွေ ဒဏ်ကြေးဆောင်တာကို ခေတ်နဲ့လျော်ညီစွာ မြင့်တင်သင့်ပါတယ်။ ဥပဒေထဲမှာ ငါးဖမ်းလှေတွေကို VMS ခြေရာခံစနစ် ထည့်ထားမယ် ဆိုရင် ဒီပြသနာရဲ့ (၇၀)ရာခိုင်နှုန်း ဖြေရှင်းပြီးသားဖြစ်သွားမှာပါ” ဟု ဦးတင်ကိုကိုဦး (ငါတို့အနာဂတ်ရှေ့ဆောင်) က ပြောသည်။
ကမ်းဝေးငါးဖမ်းစက်လှေများတွင် ( Vessl Monitoring System - VMS ) ရေယာဉ်စောင့်ကြည့်ထိန်း ချုပ်ရေးကိရိယာ တပ်ဆင်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီး ဌာနမှ VMS ကိရိယာ တပ်ဆင်ခြင်း စီမံကိန်းလုပ်ငန်းကို ၂၀၁၉-၂၀ခုနှစ် ငါဖမ်းရာသီတွင် တပ်ဆင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
“ ဒေသခံရေလုပ်ငန်းရှင်များ၊ ပဲ့နင်းတွေနဲ့ကျင်းပတဲ့ အစည်းအဝေးတွေမှာ စည်းပျက်မဖြစ်အောင်နဲ့ သတ်မှတ်ငါးဖမ်းရေပြင်တွင်သာ ငါးဖမ်းကြဖို့နဲ့ အခက်အခဲဖြစ်ပါက အနီးစပ်ဆုံးအဖွဲ့ချုပ်ကို အကြောင်းကြားပြီး အကူအညီတောင်းနိုင်ပါတယ်။ ကျွန်တော်တို့လည်း ဖြစ်စဉ်လေးနဲ့အမှန်အတိုင်းဖြစ်အောင် အကူအညီပေးမှာပါ။ သူတို့အနေနဲ့ ပြစ်ဒဏ်ကျူးလွန်ရင်တော့ ထိထိရောက်အရေးယူသင့်ပါတယ် ” ဟု မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသောင်းမြင့်က ပြောသည်။

မြိတ်ခရိုင်တွင် ငါးဖမ်းလိုင်စင်ဖြင့် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်းဆောင်ရွက်နေသည့် ငါးဖမ်းလှေ များတွင် ကမ်းနီးငါးဖမ်းစက်လှေ(၂၅၀ဝ)ခန့်နှင့် ကမ်းဝေးငါးဖမ်းစက်လှေ(၈၀ဝ)ခန့်ရှိကာ ရေလုပ်သား (၁၆၀ဝ၀)ကျော်ရှိကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းဌာနထံမှ သိရသည်။
“ အရေးယူဆောင်ရွက်နိုင်တဲ့ ဌာနတစ်ခုက အရေးယူဖို့ လွှတ်တော်ကိုယ်စားလှယ် တင်ပြထားတာကို အရေးယူနိုင်ခြင်းမရှိဘူးဆိုရင် ဒီဌာနနရဲ့ သိက္ခာကျသွားနိုင်တယ်။ တိုင်ကြားစာကို စိစစ်ဆောင်ရွက်တဲ့နေရာမှာ ဘာမှစိစစ်ဆောင်ရွက်နိုင်ခြင်းမရှိဘူးဆိုရင် လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားတာတောင်မှ အဆင်မပြေဘူးဆိုရင် ပြည်သူတွေတိုင်ကြားလည်း ဘာမှမထူးဘူးဆိုတဲ့ ဖြစ်စဉ်ဖြစ်သွားနိုင်တဲ့အတွက် အစည်းအဝေးအပြီး ဆက်လက်ဆောင်ရွက်မှုသည် ကျွန်တော်တို့နိုင်ငံအတွက် အင်မတန်အရေးကြီး ပါတယ်လို့ မြင်မိပါတယ်” ဦးတင်ကိုကိုဦး က ဆိုသည်။
ပင်လယ်ပြင်သို့ ထွက်ခွာမည့် တရွတ်ဆွဲကမ်းဝေးငါးဖမ်းလှေများကို OSS မြိတ်စစ်ဆေးရေးစခန်းတွင် ငါးဖမ်းလှေပဲ့နင်းများ၊ သက်ဆိုင်ရာကုမ္ပဏီ/ အေးဂျင့်များအား တာဝန်ရှိသူများမှ မြန်မာ့ပင်လယ်ငါးဖမ်းလုပ်ငန်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်း သတ်မှတ်ချက်များအား ချပြရှင်းလင်း၍ ပင်လယ်ပြင်တွင် ငါးဖမ်းလုပ် ငန်းလုပ်ကိုင်စဉ် ရေယာဉ်၏ အမည်နှင့် နံပါတ်ပြားများကို ဖုံးအုပ်၍ ကမ်းနီးရေပြင်သို့ ဝင်ရောက်ငါးဖမ်းဆီးခြင်း မပြုလုပ်ကြရန် ပဲ့နင်းများအား ဒီဇင်ဘာလမှ စတင်ကာ ခံဝန်ကတိပြုချက်များ ရယူဆောင်ရွက်လျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
“ သက်ဆိုင်ရာဌာနမှ စိစစ်ဖော်ထုတ်မယ့်အခြေအနေရှိတယ်ဆိုတော့ စိစစ်ဖော်ထုတ်တဲ့ အခြေအနေ အပေါ်မူတည်ပြီး စောင့်ကြည့်၍ လုပ်သင့်လုပ်ထိုက်တာကို ဆက်ပြီးလုပ်ဆောင်သွားမှာပါ” ဟု လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဟိန်း က ပြောသည်။
မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေကို ခေတ်နှင့်လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ရေးဆွဲလျက်ရှိပြီး ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်သူ့လွှတ်တော်ဥပဒေပြုကော်မတီသို့ ဥပဒေမူကြမ်းအား ပြန်လည်ပြင်ဆင်ရေးဆွဲပေး ပို့တာ (၁၄)ကြိမ်ခန့် ရှိပြီဖြစ်ကြောင်း၊ နိုင်ငံတကာ စံချိန်စံညွှန်းဥပဒေနှင့်ညီသော ပိုမိုပြည့်စုံသည့် ငါးလုပ်ငန်း ဥပဒေဖြစ်လာလာမှာဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးထံမှ သိရသည်။
တနင်္သာရီကမ်းရိုးတန်းရေပြင်သည် ရေထွက်ပစ္စည်းလုပ်ငန်းဖြင့် နိုင်ငံခြားဝင်ငွေ အဓိကရှာဖွေပေးနေသော ဒေသတစ်ခုဖြစ်ရာ ကမ်းဝေးငါးဖမ်းလှေများမှ မြန်မာ့ပင်လယ် ငါးဖမ်းလုပ်ငန်းဥပဒေနှင့် စည်းကမ်း သတ်မှတ်ချက်များကို လိုက်နာကြမှသာ ရေလုပ်ငန်းကို မှီခိုနေကြသော ကမ်းနီးရေလုပ်သားများ၊ စားဝတ်နေရေး အတွက် မိရိုးဖလာ တံငါလုပ်ငန်းဖြင့် ဝမ်းစာရှာဖွေလုပ်ကိုင်နေကြသော ဒေသခံများ၏ဘဝ ရေရှည်ရပ်တည်ရေး၊ ဆင်းရဲမှုလျှော့ချရေး ကို အကျိုးပြုမည်ဖြစ်ပြီး ရေသယံဇာတများထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)