တနင်္သာရီ ၃ စက်တင်ဘာ
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း သြဂုတ်လ(၂၃)ရက်နေ့မှစ၍ မိုးများ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် သြဂုတ်လ၂၇ ရက်နေ့ နံနက် ၁ဝ နာရီအချိန်တွင် တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေအမှတ် (၁၇)ပေသို့ ပြန်လည်ရောက်ရှိကာ ဒုတိယအကြိမ် မြစ်ရေထပ်မံကြီးနေပြီး သြဂုတ်(၂၇)ရက်နေ့မှစ၍ ယနေ့အထိ စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ရောက်ရှိနေဆဲဖြစ်သည်။
စက်တင်ဘာ၂ရက်နေ့ ညနေ ၆ နာရီ မြစ်ရေတိုင်းတာချက်အရ တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေအမှတ် (၁၇) ပေထက် (၃ ပေနှင့် ၃ လက်မ)ကျော်လွန်လျက် (၂ဝ ပေနှင့် ၃ လက်မ)အထိ ရောက်ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။
ယင်းသို့ မြစ်ရေကြီးနေမှုကြောင့် မြို့နယ်အတွင်း အနိမ့်ပိုင်းနေရာများမှ ရပ်ကွက်/ကျေးရွာအချို့တွင် ကျေးရွာလမ်း/တံတားများ၊ လူနေအိမ်များ၊ အစိုးရုံးရရုံးအဆောက်အဦများ၊ တောင်သူဦးကြီးများ၏ မိုးစပါးစိုက်ခင်းများ၌ မြစ်ရေများဝင်ရောက်နေဆဲဖြစ်သဖြင့် ဒေသခံပြည်သူများ အနေဖြင့် မိမိတို့၏နေအိမ်တွင် ဆက်လက်နေထိုင်ရန် အန္တရာယ်ရှိသောကြောင့် ယာယီကယ်ဆယ်ရေး စခန်းများနှင့် နီးစပ်ရာမိဘ/ဆွေမျိုး မိတ်ဆွေများထံ ခက်ခဲစွာပြောင်းရွှေ့နေထိုင်လျက် ရှိကြသည်။
သို့ဖြစ်၍ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်မှုကော်မတီ၏လမ်းညွှန်မှုအရ ယာယီရေဘေး ကယ်ဆယ်ရေးစခန်း(၅)ခု ယာယီဖွင့်လှစ်ပေးထားပြီး၊ တချို့သောဒေသခံများမှာ နီးစပ်ရာ မိဘ/ဆွေမျိုးများထံ ပြောင်းရွှေ့နေခဲ့ကြကြောင်း၊ ယာယီကယ်ဆယ်ရေးစခန်းများဖြစ်သော တနင်္သာရီခန်းမတွင် အိမ်ထောင်စု (၃၁)စုမှ ကျား (၇၆)ဦး+မ(၇၅)ဦး.ပေါင်း(၁၅၁)ဦး၊ ချောင်းကြီးဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု(၂၁)စုမှ ကျား(၅၅)ဦး+ မ(၅၄)ဦး..ပေါင်း(၁ဝ၉)ဦး၊ ချောင်းငယ်ရပ်ကွက်-ဘိုးဘွားရိပ်သာကျောင်း၌ အိမ်ထောင်စု (၂၁)စုမှကျား(၄၇)ဦး+မ(၅၂)ဦး..ပေါင်း(၉၉)ဦးနှင့် ဆင်ခြေဖုန်းကျေးရွာအုပ်စု-ဘန်းသဲကျေးရွာ ဘုန်းကြီးကျောင်းတွင် အိမ်ထောင်စု(၁ဝ)မှ ကျား(၁၈)ဦး+မ(၂၈)ဦး..ပေါင်း(၄၆)ဦး၊ မြန်မာအင်းတော်ဘုန်းကြီး ကျောင်းတွင် အိမ်ထောင်စု(၁၇)စုတို့မှ ကျား(၄၁)ဦး+မ(၄၈)ဦး..ပေါင်း(၈၉)ဦး၊ နီးစပ်ရာမိဘ/ဆွေမျိုးများထံ ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စု (၁ဝ)စုမှ ကျား(၂၉)ဦး+မ(၂၆)ဦး..ပေါင်း(၅၅)ဦး…စုစုပေါင်းအိမ်ထောင်စု (၁၁ဝ)စုတို့မှ ကျား(၂၆၆)ဦး+မ(၂၈၃)ဦး စုစုပေါင်းလူဦးရေ(၅၄၉)ဦးတို့သည် ယာယီကယ်ဆယ်ရေးစခန်းအသီးသီးနှင့်နီးစပ်ရာနေရာသို့ ပြောင်းရွှေ့နေထိုင်နေကြကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်မှုကော်မတီမှ သိရှိရသည်။
ထို့အပြင် ယနေ့နံက်အထိ အခြေခံပညာကျောင်း(၁၅)ကျောင်းတွင်လည်း မြစ်ရေဝင်ရောက်နေခြင်းနှင့် ကျောင်းသွားလမ်းများအတွင်း ရေကျော်နေခြင်းတို့ကြောင့် ယာယီပိတ်ထားခဲ့ရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
မြိတ်-တနင်္သာရီ-ဘုတပြင်း-ကော့သောင်းသွား ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှာ ရေကျော်နေခြင်း မရှိသေးသဖြင့် ပုံမှန်အတိုင်းသွားလာ၍ရကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)


