တနင်္သာရီ  ၇  စက်တင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး  တနင်္သာရီမြို့နယ်တွင် စက်တင်ဘာ ၆ ရက်နေ့ ညနေ ၆ နာရီအချိန် မြစ်ရေ တိုင်းထွာချက်အရ (၂၁ ပေ၊ ၆ လက်မ)အထိ မြစ်ရေမြင့်တက်နေပြီး စိုးရိမ်ရေအမှတ်မှာ (၁၇)ပေဖြစ်၍ အန္တရာယ် ရေအမှတ်မှာ(၂၄)ပေဖြစ်သည်။  တနင်္သာရီမြို့နယ်အတွင်း သြဂုတ်လ(၂၃)ရက်နေ့မှစ၍ မိုးများအဆက်မပြတ် ရွာသွန်းနေမှုကြောင့် သြဂုတ်လ၂၇ ရက်နေ့ နံနက်ပိုင်းမှစ၍ တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေအမှတ်(၁၇)ပေ ထက်ကျော်လွန်ကာ (ဒုတိယ)အကြိမ် မြစ်ရေထပ်ကြီးလျက်ရှိရာ စက်တင်ဘာ(၆)ရက်နေ့အထိ မြစ်ရေပြန်ကျ ခြင်းမရှိဘဲ မြစ်ရေဆက်လက်ကြီးနေဆဲဖြစ်သဖြင့် ဒေသခံပြည်သူများက ရက်ရှည်ကြာမြင့်စွာ မြစ်ရေဆက်ကြီးနေသည်ကို စိုးရိမ်ပူပန်လျက်ရှိကြသည်။ 


ပထမအကြိမ်မြစ်ရေသည် သြဂုတ်လ(၇ ရက်နေ့မှ ၁၂)ရက်နေ့ကာလအတွင်း တနင်္သာရီမြို့၏ အန္တရာယ်ရေအမှတ်ဖြစ်သော(၂၄)ပေထက် (၂ ပေနှင့် ၆ လက်မ)အထိ ကျော်လွန်၍ (၂၆ ပေနှင့် ၆ လက်မ)သို့ မြစ်ရေအမြင့်ဆုံး ရောက်ရှိခဲ့ပြီး သြဂုတ်လ(၁၃)ရက်နေ့တွင် မြစ်ရေများတဖြည်းဖြည်း ပြန်လည်ကျဆင်းခဲ့ကာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပြန်လည်လုပ်ဆောင်နေစဉ်မှာပင်  သြဂုတ်(၂၃)ရက်နေ့မှစ၍ မိုးများသည်းထန်စွာ နေ့စဉ်ရက်ဆက် ရွာသွန်းခဲ့ရာမှ သြဂုတ်(၂၇)ရက်နေ့မှစ၍ ယခုကဲ့သို့စိုးရိမ်ရေ အမှတ်ထက်ကျော်လွန်၍ မြစ်ရေပြန်ကြီးလာခြင်းဖြစ်သည်။  ၂ဝ၁၉-ခုနှစ်၊ မြစ်ရေကြီးမှုဖြစ်စဉ်သည် သြဂုတ်လ(၇)ရက်နေ့မှ ယနေ့ စက်တင်ဘာ(၆)ရက်နေ့ ဆိုလျှင် တစ်လတိတိ ကြာမြင့်နေပြီဖြစ်သည်။


ယခုအခါ မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းအတွင်း တောင်တရုတ်ပင်လယ်ဘက်မှ မုန်တိုင်း PODUL ရွှေ့လျားလာမှုကြောင့် မိုးများပြီးရေကြီးရေလျှံမှုများ၊ လေပြင်းတိုက်ခတ်မှုများ၊ မြေပြိုမှုများဖြစ်နိုင်ပြီး၊ (တတိယ)အကြိမ်ရေကြီးမှုအတွက် ပြင်ဆင်ထားသင့်ကြောင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ကြေညာချက်အရ ယခုကဲ့သို့ ဆက်လက်၍ မြစ်ရေကြီးလာမည်ကို ဒေသခံများက စိုးရိမ်ပူပန်မှု ပိုများနေကြကြောင်း သိရသည်။ 


ဤမြို့နယ်အတွင်းရှိဒေသခံပြည်သူအများစုမှာ လယ်ယာလုပ်ငန်း၊ဥယျာဉ်ခြံလုပ်ငန်းဖြင့် အဓိကအသက် မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူများဖြစ်သဖြင့် ယခုကဲ့သို့ နေအိမ်များ၊ လမ်း/တံတား၊ အခြေခံပညာကျောင်း များ ၊ လယ်ယာမြေများ၊ တစ်ချို့ဥယျာဉ်ခြံမြေများ မြစ်ရေကြီးနေသောကြောင့် ဒေသခံပြည်သူများအနေဖြင့် ရေရှည်ကာလ၌ စားဝတ်နေရေးအခက်အခဲ၊ ပညာရေး၊ကျန်းမာရေး၊ လူမှုရေးနှင့်လမ်းပန်း ဆက်သွယ်ရေးအခက်အခဲများ ကြုံတွေ့နေခဲ့ကြရသဖြင့်  ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများနှင့် နီးစပ်ရာ မိဘဆွေမျိုးများထံ ပြောင်းရွှေ့နေထိုင်လာသူ ဦးရေစာရင်းမှာ တစ်နေ့ထက်တစ်နေ့ ပိုပိုတိုး၍ ရှိလာနေသည်။


သို့ဖြစ်၍ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်မှုကော်မတီ၏ လမ်းညွှန်မှုအရ ယာယီရေဘေးကယ်ဆယ် ရေးစခန်း (၆)နေရာနှင့် နီးစပ်ရာမိဘ/ဆွေမျိုး များထံပြောင်းရွှေ့နေရာက (၁၂)နေရာ. စုစုပေါင်း(၁၈)နေရာတို့သို့ ပြောင်းရွှေ့နေကြရသော ရေဘေးသင့်အိမ်ထောင်စုပေါင်း (၃၈၅)စုမှ အသက်(၁၂)အောက်နှင့် (၁၂)နှစ်အထက် ရေဘေးသင့်ပြည်သူ အမျိုးသား (၁ဝဝ၁)ဦး ၊ အမျိုးသမီး(၉၅၉)ဦး စုစုပေါင်း(၁၉၆ဝ)ဦး ရှိကြောင်း မြို့နယ်သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ အစီရင်ခံစာအရ သိရှိရသည်။  


သတင်းနှင့်ဓာတ်ပုံ - နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)