တနင်္သာရီ ၃ စက်တင်ဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း သြဂုတ်လ(၂၇)ရက်မှစ၍ (ဒုတိယအကြိမ်) စိုးရိမ်ရေအမှတ်(၁၇)ပေထက်ကျော်လွန်ကာ စက်တင်ဘာလ(၃)ရက်နေ့ နံနက်(၆)နာရီအချိန် တိုင်းတာချက်အရ (၂ဝ ပေနှင့် ၆ လက်မ) အထိ တနင်္သာရီမြစ်-မြစ်ရေထပ်တက်နေပြီဖြစ်သောကြောင့် စက်တင်ဘာ(၃)ရက်နေ့နံက်ပိုင်းက အခြေခံပညာကျောင်း(၂)ကျောင်းကို ယာယီထပ်ပိတ်လိုက်ရကြောင်း၊ ယနေ့ထပ်ပိတ်ရသည့် ကျောင်းများမှာ ခြောက်မိုင်ကျေးရွာ-မူလတန်း(လွန်)ကျောင်းနှင့် အမက-ပဝထိန်ရွာတို့ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ယင်းကဲ့သို့ ဒုတိယအကြိမ်မြစ် ရေထပ်ကြီးနေမှုကြောင့် သြဂုတ်လ(၃ဝ)ရက်က(၇)ကျောင်း၊ သြဂုတ်(၃၁)ရက်က (၄) ကျောင်း၊ စက်တင်ဘာ(၂)ရက်နေ့က(၄)ကျောင်းနှင့် ယနေ့စက်တင်ဘာလ(၃)ရက်နေ့တွင် (၂)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း (၁၇)ကျောင်းအား အဆိုပါကျောင်းများ၏ကျောင်းဝင်းအတွင်းနှင့် ကျောင်းသွားလမ်းများတွင် မြစ်ရေမြစ်ရေဝင်နေခြင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲမှုများကြောင့် ကျောင်းသူ/သားများ အန္တရာယ် မဖြစ်ပွားစေရန်အတွက် ကြိုတင်ပြီး ယာယီပိတ်ရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အဆိုပါ ကျောင်း(၁၇)ကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၆၃၂)ဦး၊ အလယ်တန်းအဆင့်ကျောင်းသား/ ကျောင်းသူ(၁၅ဝ၅)ဦးနှင့် မူလတန်းအဆင့်တွင် ကျောင်းသား/ကျောင်းသူ(၂ဝ၉၄) ဦးရှိသဖြင့် ယာယီကျောင်းများပိတ်ထားသည့် စုစုပေါင်း ကျောင်းသား/ကျောင်းသူ(၄၂၃ဝ)ဦး ဖြစ်သည်။
၎င်းကျောင်းများ၏ယာယီပိတ်ရက်များကို စနေ/တနင်္ဂနွေ/အဖိတ်နေ့များမှာ အစားထိုး၍ ပြန်လည်ဖွင့်လှစ်ပြီး သင်ကြားပေးသွားရန် စီစဉ်ထားရှိကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းယုက ပြောသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)


