တနင်္သာရီ ဇွန် ၁၈
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း သဘာဝဘေးကျရောက်ပါက အထိရောက်ဆုံးနှင့် အမြန်ဆုံး ကယ်ဆယ်ရေးလုပ်ငန်းများကို တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်အတွက် ယနေ့နံနက် ၉ နာရီက တနင်္သာရီမြစ်ရေပြင်အတွင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစီးသောပူးပေါင်းအဖွဲ့များက ရေပြင်အသက်ကယ်ရေးသရုပ်ပြလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။
ဦးစွာ နယ်မြေခံတပ်မှ ဗိုလ်မှူးကြီး မျိုးမင်းသူက အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသူရိန်စိုးက သဘာဝဘေးကျရောက်ပါက အသုံးပြုမည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း သုံး ပစ္စည်းများအသုံးပြုပုံကို ရှင်းလင်းပြသ၍ သရုပ်ပြလေ့ကျင့်မှုကို စတင်သည်။
အဆိုပါ သရုပ်ပြလေ့ကျင့်ရာတွင် တနင်္သာရီမြစ်ကူးတံတားအနီး ရေပြင်အတွင်း စက်လှေတစ်စင်း တိမ်းမှောက်နေကြောင်း ပြည်သူတစ်ဦးမှ သတင်းပေးပို့ချက်အရ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသူရိန်စိုး ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် မိတ်ဖက်အဖွဲ့ အစည်းများနှင့်အတူ သွားရောက်ကာ ရေနစ်မြုပ်နေသူများအား ရှာဖွေကယ်ဆယ်၍ အသက်ကယ်လှေများပေါ်တွင် ရှေးဦး ပြုစုခြင်း အသက်ရှူအားကူနည်းပြုလုပ်ပေးရင်း လှေဆိပ်သို့ သယ်ဆောင်လာကြသည်။
အဆိုပါ သရုပ်ပြလေ့ကျင့်ခြင်းကို တနင်္သာရီမြို့နယ် နယ်မြေခံတပ်မှ ဗိုလ်မှူးကြီး မျိုးမင်းသူ၊ မြို့နယ်သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ခေါင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊ ရပ်မိရပ်ဖများ၊ ပြည်သူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သီသီခိုင်(တနင်္သာရီ)