တနင်္သာရီ ၁၇ သြဂုတ်  

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့၊ ချောင်းကြီးရပ်ကွက်အတွင်းရှိ အ.ထ.က(တနင်္သာရီ)၊ ပြည်သူ့ဆေးရုံ၊ ရွှေလိပ်ပြာလမ်း၊ ဖွားအောင်သာလမ်းနှင့် ကျန်းမာရေးလမ်းတို့တွင် မြစ်ရေကြီးမှုကြောင့် တင်ကျန်ရစ်နေသော အမှိုက်များနှင့် ရွှံ့နွံများကို သြဂုတ် ၁၇ ရက် နံနက် ၈ နာရီခန့်က တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံ တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် တနင်္သာရီ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးတပ်ဖွဲ့ဝင်(၁၅)ဦး၊ တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးအရာရှိနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၂)ဦး၊ နယ်မြေခံတပ်မတော်သား (၂၂) ဦး စုစုပေါင်းအင်းအား (၄၉) ဦးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ချောင်းကြီးရပ်ကွက်ရှိ အ.ထ.က (တနင်္သာရီ) စာသင်ကျောင်း စာသင်ခန်းအတွင်းအပြင်နှင့် လမ်းမပေါ်တွင် တင်ကျန်ရစ်ခဲ့သော ရွှံ့နွံများအား မီးသတ်ရေယာဉ်ပိုက်ဖြင့် ဆေးကြောခြင်း၊ စာသင်ခုံများကို နေရာတကျ ပြန်လည်ချထားပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

ဆက်လက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးတပ်ဖွဲ့ဝင်(၁၅)ဦး၊ တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးအရာရှိနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၂) ဦးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် နံနက် ၉ နာရီတွင် တနင်္သာရီမြို့၊ ချောင်းကြီးရပ်ကွက်၊ ကျန်းမာရေးလမ်းဆုံတွင် တင်ကျန်ခဲ့သော ရွှံ့နွံများနှင့် အမှိုက်သရိုက်များအားလည်းကောင်း၊ ချောင်းကြီးရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး အတွင်းအပြင်၌ တင်ကျန်ခဲ့သော ရွှံ့နွံများအားလည်းကောင်း မီးသတ်ရေယာဉ်ပိုက်ဖြင့် ဆေးကြောသန့်ရှင်းခဲ့ကြကြောင်း သိရသည်။ 

မြင့်ဦး(မြိတ်)