တနင်္သာရီ  ၁၈   သြဂုတ်

 တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း သြဂုတ်လဆန်းပိုင်းမှ စ၍ မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်း နေမှုကြောင့် တနင်္သာရီမြစ်ရေသည် အန္တရာယ်ရေအမှတ်(၂၄ ပေ)ထက်(၂ ပေ ၆ လက်မ)သို့ ကျော်လွန်ပြီး အမြင့်ဆုံးရေအမှတ် (၂၆ ပေ ၆ လက်မ)အထိ ရောက်ရှိခဲ့သဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု(၂၂)စုတို့ရှိ ကျေးရွာအသီးသီးမှ အိမ်ထောင်စုပေါင်း(၄၇၂၉)စု၊ လူဦးရေပေါင်း (၂၃၁၉၀)ဦးတို့သည် ရေကြီးရေလျှံမှုများကြုံတွေ့ ခံစားခဲ့ရရာ မြို့နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုနှင့်အညီ ကြက်ခြေနီတပ်ဖွဲ့ဝင်များက သြဂုတ်လ ၉ ရက်နေ့မှစ၍ ရေပြန်ကျပြီး သြဂုတ်လ ၁၇ ရက်အထိ ကာလအတွင်းတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စိတ်အားထက်သန်စွာ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

 

ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ရေနစ်မြုပ်မိသားစုဝင်များကို ရွှေ့ပြောင်းပေးကူညီပေးခြင်း၊  အရေးပေါ်လူနာများကို သယ်ယူပို့ဆောင်ပေးခြင်း၊ ပြည်သူ့ဆေးရုံအတွင်းမှ ဆေးပစ္စည်းများ နေရာပြောင်းသယ်ယူပေးခြင်း၊ အခံဌာနယာယီကွပ်ကဲရေးရုံးတွင် နယ်ပယ်အသီးသီးမှ နေ့စဉ်လာရောက်လူဒါန်းထောက်ပံ့ပေးသော ဆန်နှင့်စားရိက္ခာများကို ကူညီပေးခြင်း၊ ကျေးရွာယာယီရေဘေး ကယ်ဆယ်ရေးစခန်းမျးသို့ ထောက်ပံ့ပစ္စည်းပို့ဆောင်ပေးခြင်း၊ လမ်းရေကျော်နေရာများ၌ ခရီးသွားပြည်သူများအားကူညီပို့ဆောင်ပေးခြင်း၊ ရေပြန်ကျသောအခါ အခြေခံပညာကျောင်း ဆောင်များ၊ စာသင်ခုံတန်းများ ဆေးကြောသန့်ရှင်းပေးခြင်း၊ အများသုံးရေတွင်းများပြန်လည်တူးဖော်ရာတွင်ကူညီမှုပေးခြင်း၊ နေအိမ်ပြန်ပြည်သူများ၏ပစ္စည်းများ အိမ်တိုင်ရာရောက်ပို့ဆောင်ပေးခြင်း၊ သဘာဝဘေးသင့်နေအိမ်များ အား ကူညီပေးခြင်း၊ နေအိမ်အမိုးပျက်စီးမှုကိုတာပေါ်လစ်ပိုင်းဖြင့် မိုးပေးခြင်း စသဖြင့်ပြည်သူ့အကျိုးပြုလုပ်ငန်း များတက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း ၎င်းကြက်ခြေနီတပ်ဖွဲ့မှ သိရှိရသည်။

 


နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)