တနင်္သာရီ    ဇူလိုင် ၂၃

တနင်္သာရီတိုင်းဒေသကြီးတွင် မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိရာ မြိတ်ခရိုင်၊ တနင်္သာရီမြို့တွင်လည်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုများကြောင့် တနင်္သာရီမြစ်ရေမှာ ၁၄ ပေ ၆ လက်မအထိ မြင့်တက်လာခဲ့သော်လည်း မြို့အတွင်းသို့ ရေဝင်ရောက်မှုမရှိခဲ့ကြောင်းနှင့် ဇူလိုင် ၂၃ ရက် နံနက် ၆ နာရီ တိုင်းတာချက်အရ ၁၃ ပေ ၇ လက်မခန့်အထိ ၉ လက်မခန့် ပြန်လည်းကျဆင်းသွားခဲ့ပြီး တနင်္သာရီမြို့၏ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် ၃ ပေ ၅ လက်မခန့်လိုကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် တနင်္သာရီမြို့ရှိ မြစ်ရေမှာ ဇူလိုင်၂၂ ရက် နံနက် ၁၀ နာရီ တိုင်းထွာချက်အရ ၁၄ ပေခန့်အထိလည်းကောင်း၊ မွန်းတည် ၁၂ နာရီ တိုင်းထွာချက်အရ တနင်္သာရီမြစ်ရေသည် တနင်္သာရီမြို့တွင် ၁၄ ပေ ၃ လက်မခန့်သို့လည်းကောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင် ၁၄ ပေ ၆ လက်မခန့်သို့လည်းကောင်း ရောက်ရှိ မြင့်တက်လာမှုကြောင့် တနင်္သာရီမြို့၏ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် ၂ ပေ ၆ လက်မခန့်သာ လိုတော့ကြောင်း သိရသည်။

ဇူလိုင်လ တတိယပတ်အတွင်း၌ တနင်္သာရီမြို့နယ်တွင် အဆက်မပြတ်မိုးရွာသွန်းမှု များပြားလာခဲ့ခြင်းနှင့်အတူ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်း များကြောင့် မေတ္တာမြို့ အနီး မြစ်ဖျားခံစီးဆင်းလာသော တနင်္သာရီမြစ်ရေမှာ စတင်မြင့်တက်လာခြင်း ဖြစ်ပြီး ယခုရက်ပိုင်းတွင် ပင်လယ်ဒီရေတက်သော ရက်ဖြစ်သောကြောင့် မြစ်ရေမှာ ပိုမိုကြီးမြင့်နိုင် ကြောင်းနှင့် တနင်္သာရီမြို့၏ စိုးရိမ်ရေ အမှတ်မှာ ၁၇ ပေ ဖြစ်ပြီး အန္တရာယ် ရေအမှတ်မှာ ၂၄ ပေ ဖြစ်ကြောင်း သိရသည် ။

မြင့်ဦး(မြိတ်)