တနင်္သာရီမြို့ ၂၅ ဒီဇင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကျေးရွာအချို့ရှိ လယ်ကွင်းများ၊ ရေအိုင်နေရာများတွင် ယခုနှစ်ဆောင်းရာသီအတွင်း ဆောင်ခိုငှက်များ ထူးခြားစွာ ရောက်ရှိကျက်စားလျက် ရှိနေသည်ကို ခရီးသွားများနှင့် ဒေသခံပြည်သူများထံမှ မျက်မြင်တွေ့ရှိပြီး ဓာတ်ပုံမှတ်တမ်းများအရ သိရှိရသည်။

 

တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုန်းကျေးရွာအုပ်စု မရင်းကြီးကျေးရွာ၊ တကူကျေးရွာအုပ်စု တကူကျေးရွာများတွင် အုပ်စုအလိုက်နှင့် မောတောင်မြို့အနီးတွင် ကောင်ရေအနည်းငယ်တို့ကို လယ်ကွင်းများနှင့် ရေအိုင်များအနီးတဝိုက်နေရာတွင် အုပ်စုအလိုက် ပျံသန်းကျက်စားနေသည်ကို တွေ့ရှိရကြောင်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဝင်းက မိမိတာဝန်ဖြင့် ခရီးသွားစဉ် အဆိုပါဆောင်ခိုငှက်များကို ထူးထူးခြားခြားတွေ့ရှိရ၍ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

ဒေသခံပြည်သူအချို့ကလည်း ဖမ်းဆီးသတ်ဖြတ်ခြင်း တစ်ဆင့်ရောင်းချခြင်း မပြုလုပ်ကြစေရန်အတွက် ကြိုတင်ကာကွယ်ရေး ဗွီနိုင်းဆိုင်းဘုတ်များကို အမြန်လာရောက်ဆောင်ရွက်ပေးကြရန် လိုလားနေကြကြောင်း သိရှိရသည်။

 

အဆိုပါ ဆောင်းခိုငှက်များသည် ခရုစုပ်ငှက်မျိုးစိတ်များဖြစ်ပြီး လယ်ကွက်အတွင်းရှိ အပင်ဖျက်ခရုများကို စားသောက်ဖျက်ဆီးပေးသဖြင့် တောင်သူဦးကြီးများအတွက် အကျိုးပြုသည့် ငှက်များဖြစ်သည့်အပြင် လူနှင့်ရင်းနှီးပြီး အနီးကပ်သွားလာနေထိုင်မှုများ ရှိနေသဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနက ဆောင်းခိုငှက်များကို  ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်စေရေးအတွက် ၎င်းငှက်များ လာရောက်ကျက်စားရာ ဒေသများတွင် ဖမ်းဆီးသတ်ဖြတ်ခြင်း မပြုရန်နှင့် ပြည်သူများ ပိုမိုသိရှိနိုင်ရန်အတွက် ပညာပေးဗွီနိုင်းပိုစတာများ စိုက်ထူပေးခြင်းနှင့် ပညာပေးဟောပြောခြင်းများကို မကြာမီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရှိရသည်။

 

၎င်းဆောင်းခိုငှက်များသည် ရုရှားနိုင်ငံ၊ ဆိုက်ဗေးရီးယားလွင်ပြင်ဒေသမှ မြန်မာနိုင်ငံအတွင်း အစာရှာရင်း ရောက်ရှိလာကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အထက်ပိုင်း/ အလယ်ပိုင်းဒေသများတွင်သာ လာရောက်ဆောင်းခိုလေ့ရှိကာ တနင်္သာရီတိုင်းအတွင်း မြို့နယ်အချို့နှင့် တနင်္သာရီမြို့နယ် ဒေသအချို့သို့ ယခုနှစ်မှ ထူးခြားစွာ ရောက်ရှိလာကြခြင်းဖြစ်သည်။

 

သတင်း-နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)