တနင်္သာရီ အောက်တိုဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာအုပ်စု- လယ်သစ်အရှေ့ကျေးရွာ မူလွန်ကျောင်းအား အောက်တိုဘာ ၁ ရက်မှစ၍ Covid-19 Positive Centre အဖြစ်တိုးချဲ့ဖွင့်လှစ်ပြီး ၎င်းလယ်သစ်အရှေ့ရွာမှ ကိုဗစ်-၁၉ ရောဂါ အတည်ပြုစစ်ဆေး တွေ့ရှိသည့် ဒေသခံ(၃၃)ဦး အား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ အသွားအလာကန့်သတ်ကာ ဆေးဝါးကုသမှုပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ၏ အစီအမံဖြင့် ကျေးရွာအုပ်စုအတွင်း ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူများနှင့်ထိစပ်ပြီး ကိုဗစ်-၁၉ရောဂါ လက္ခဏာမပြဘဲ သာမန်လူများကဲ့သို့ သွားလာလှုပ်ရှားနေကြသူများထဲမှ ရောဂါပိုး ရှိနေသူများကို စစ်ဆေးဖော်ထုတ်၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကွင်းဆက်ဖြတ်တောက် ထိန်းချုပ်နိုင်ရန်အတွက် မော်တုန်းရွာကျေးလက်ကျန်းမာရေးဌာနနှင့် လယ်သစ်ကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာန(ခွဲ)တို့ ပူးပေါင်း၍ လယ်သစ်အရှေ့ရွာ-မူလွန်ကျောင်းအတွင်း ဒေသခံပြည်သူ(၉၅)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို ယမန်နေ့က RDT Test Kit ဖြင့် စစ်ဆေးပေးရာ (၃၃)ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လယ်သစ်ကျေးရွာအုပ်စု ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပရဟိတ လူငယ်များက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ရောဂါပိုးတွေ့ရှိသူ(၃၃)ဦးအား လယ်သစ်အရှေ့ရွာ-မူလွန်ကျောင်း Covid-19 Positive Centre အတွင်း ဆေးဝါးကုသပေးသွားမည်ဖြစ်ပြီး ပိုးတွေ့ရှိသူများနှင့်ထိစပ်သည့် မိသားစုဝင်များကိုလည်း ရောဂါပိုးကူးစက်ပျံ့နှံ့မှုမှ ထိန်းချုပ်နိုင်ရန် ၎င်းတို့၏နေအိမ်များကို Lock Down ချထား၍ (၁၄) ရက်ကြာ အသွားအလာကန့်သတ် စောင့်ကြပ်ထားရှိကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)