တနင်္သာရီ ဒီဇင်ဘာ ၇      

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ရရှိရေးအတွက် ဒီဇင်ဘာ ၄ ရက်မှ ၆ ရက်အထိ (၃)ရက်တိုင်တိုင် လ.ဝ.ကမှူး ဦးတင့်နိုင်နှင့် ဝန်ထမ်း(၇)ဦးတို့က ဆင်ခြေဖုန်းကျေးရွာအုပ်စု လယ်တောင်ယာရွာ ဇေယျာသုခဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်း အခမဲ့ ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ပြုလုပ်ပေးရာတွင် အသက်(၁၀)နှစ်ပြည့် (၄၅)ဦး၊ အသက်(၁၈)နှစ်ပြည့် (၈၈)ဦး၊ အသက်(၁၈)နှစ်ပြည့် လဲလှယ်(၆၉)ဦး၊ ပျောက်ဆုံး/ပျက်စီးမိတ္တူ (၁၀၃)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၁၀၈)စုတို့အား အခမဲ့ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

လက်ရှိဇာတိရွာ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိ ဇာတိရွာ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း(မရှိ)၊ ကိုင်ဆောင်လက်မှတ်(မရှိ) သူများကို ဆောင်ရွက်ပေးခြင်း၊ အခြားအရပ်ဒေသမှ ရွှေ့ပြောင်းနေထိုင်လာပြီး အိမ်ထောင်စုလူဦးရေစာရင်း မရှိသေးသူများနှင့် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူများအား ဆောင်ရွက်ပေးခြင်း စသည့် လုပ်ငန်းစဉ်(၄)ရပ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် အသက်(၁၀)နှစ်ပြည့်မှစ၍ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးရရှိရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

   

သတင်း၊နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)