တနင်္သာရီ ၃ ဩဂုတ်
တနင်္သာရီမြို့နယ်အတွင်း ဩဂုတ် ၂ ရက် ည ၁၀ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များ ခေါင်မိုးလန်ခြင်း၊ ပြိုကျခြင်း၊ ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။
တနင်္သာရီမြို့၏ တကူကျေးရွာအုပ်စု၊ သံတိုက်ကျေးရွာတွင် နေအိမ်တစ်လုံး ပြိုကျပျက်စီးပြီး မိသားစုဝင် ၆ ဦးတို့မှာ နီးစပ်ရာဆွေမျိုးများနေအိမ်သို့ ခေတ္တပြောင်းရွှေ့နေထိုင်ကြကြောင်း၊ တမုတ်ချုံးကျေးရွာအုပ်စု၊ တမုတ်ချုံးကျေးရွာတွင် နေအိမ်တစ်လုံး လေပြင်းတိုက်ခိုက်မှုကြောင့် ခေါင်မိုးသွပ် (၄၈)ချပ် လန်ထွက်သဖြင့် မိသားစုဝင် ၅ ဦးတို့မှာ ကျေးရွာအတွင်းရှိ အခြားနေအိမ်သို့ ပြောင်းရွှေ့နေထိုင်ကြကြောင်း၊ တမုတ်ချုံးကျေးရွာတွင် နေအိမ်တစ်လုံး လေပြင်းတိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးခဲ့ပြီး မိသားစုဝင် ၇ ဦးတို့မှာ အိုးအိမ်မဲ့ဖြစ်ခဲ့ရသဖြင့် နေထိုင်ရန် အုပ်ချုပ်ရးမှူး ဦးနောင်တိုနှင့် အဖွဲ့မှ ယာယီတဲထိုးပေးထားရှိကြောင်း၊ ဆင်ခြေဖုံးကျေးရွာအုပ်စု မမသောင်အနောက်ရွာရှိ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝါယမ ကျောင်းထိုင်သည့် တိုက်ကျောင်းသည် မိုးနှင့်အတူ လေပြင်းတိုက်ခိုက်မှုကြောင့် ခေါင်မိုးသွပ် (၉၄)ချပ် လန်ထွက်ပျက်စီးခဲ့ကြောင်း၊ ဗောဓိကမ်းကျေးရွာတွင် နေအိမ်တစ်လုံးပေါ်သို့ လဲဝါပင်မှာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ လဲကျဖိမိ ပျက်းစီးခဲ့သဖြင့် မိသားစုဝင် ၆ ဦးတို့မှာ နီးစပ်ရာဆွေမျိုးများနေအိမ်သို့ ခေတ္တပြောင်းရွှေ့ နေထိုင်ရကြောင်း၊ အရှေ့မော်တုံးကျေးရွာအုပ်စု အရှေ့မော်တုံးရွာတွင် နေအိမ်တစ်လုံး လေပြင်းတိုက်ခိုက်မှုကြောင့် ခေါင်မိုးသွပ် (၅၀)ချပ် လန်ထွက်ပျက်စီးခဲ့ပြီး မိသားစုဝင် ၅ ဦးတို့မှာ နီးစပ်ရာဆွေမျိုးများနေအိမ်သို့ ယာယီပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း၊ အနောက်မော်တုံးကျေးရွာအုပ်စု ကတော့ကမ်းကျေးရွာတွင် နေအိမ်တစ်လုံး လေပြင်းတိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးခဲ့ပြီး မိသားစုဝင် ၈ ဦးတို့မှာ အိုးအိမ်မဲ့ဖြစ်ရပြီး နီးစပ်ရာဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်းနှင့် လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)