တနင်္သာရီ ဇူလိုင် ၂၅
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် ဇူလိုင်လ တတိယအပတ်အတွင်း မိုးများသည်းထန်စွာ အဆက်မပြတ်ရွာသွန်းနေသဖြင့် တနင်္သာရီမြစ်ရေသည် ဇူလိုင် ၂၅ ရက် နံနက် ၆ နာရီအချိန် တိုင်းတာချက်အရ ၁၄ ပေ (၄၂၆ ဒသမ ၇၂)စင်တီမီတာသို့ ရောက်ရှိနေကြောင်း သိရသည်။
တနင်္သာရီမြို့၏ စိုးရိမ်ရေရေအမှတ်မှာ ၁၇ ပေ (၅၁၈ ဒသမ ၁၆) စင်တီမီတာဖြစ်ပြီး အန္တရာယ်ရေအမှတ်မှာ ၂၄ ပေ (၇၃၁ ဒသမ ၅၂)စင်တီမီတာဖြစ်ရာ ယခုအချိန်တွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် (၃)ပေသာ လိုတော့သည်။
၂၀၂၁ ခုနှစ်၊ ဇူလိုင် တတိယပတ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးရွာသွန်းမှု ပိုမိုများပြားခဲ့ခြင်းကြောင့် ထားဝယ်ခရိုင် မေတ္တာမြို့တွင် မိုးရွာသွန်းမှုကြောင့် ဘန်ချောင်မြစ်မှ မြစ်ဖျားခံစီးဆင်းနေသော တနင်္သာရီမြစ်၏ မြစ်ရေများ စတင်မြင့်တက်လာခြင်းဖြစ်ကြောင်းနှင့် ဒေသခံများ၏ပြောပြချက်အရ ယခုရက်ပိုင်းသည် ပင်လယ် ဒီရေတက်သောရက်ဖြစ်သဖြင့် ဒီရေတက်ချိန်နှင့်ဆုံပါက ယခုထက် မြစ်ရေပိုမိုကြီးနိုင်ကြောင် သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)


