တနင်္သာရီ ၁၇ ဒီဇင်ဘာ
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၌ ယခုနှစ်အတွင်း ဒုတိယအကြိမ် မြစ်ရေကြီးစဉ်က ရေဘေးသင့်ခံခဲ့ရသော စာသင်ကျောင်း (၁၉)ကျောင်းအတွက် ကျောင်းသုံးပရိဘောဂနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အမ်းအနားကို ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၂ နာရီခွဲက တနင်္သာရီမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က တနင်္သာရီမြို့နယ်အတွင်း မြစ်ရေကြီးမှုဖြစ်စဉ်များ၊ ကျောင်းများအတွက် အဓိကလိုအပ်ချက်များနှင့် လာရောက်ထောက်ပံ့ပေးပါသော အနာဂတ်အလင်းရောင်အဖွဲ့အား အထူးကျေးဇူးတင်ရှိကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ အနာဂတ်အလင်းရောင်အဖွဲ့ (ထားဝယ်မြို့) ဥက္ကဋ္ဌ စီမံကိန်းညှိနှိုင်းရေးမှူး ဦးဇော်ထွန်းက လာရောက်ထောက်ပံ့ပေးရသည့် ရည်ရွယ်ချက်များနှင့် ညှိနှိုင်းဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားပြီး ရေဘေးသင့်စာသင်ကျောင်း (၁၉)ကျောင်းအတွက် ကျောင်းသုံးပရိဘောဂနှင့် သင်ထောက်ကူပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးဇော်မင်းယုနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဝင်းတို့က လက်ခံရယူကြကြောင်း သိရှိရသည်။
ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းယုမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အနာဂတ်အလင်းရောင်အဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကြက်ခြေနီကော်မတီဥက္ကဋ္ဌ၊ ဒုတိယမြို့နယ်ပညာရေးမှူးများ၊ လ/ထမြို့နယ်ပညာရေးမှူးများနှင့် ရေဘေးသင့် ကျောင်းအုပ်ဆရာများက အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။
ယနေ့ အနာဂတ်အလင်းရောင်အဖွဲ့ (ထားဝယ်မြို့)မှ ရေဘေးသင့် စာသင်ကျောင်းတစ်ကျောင်းလျှင် သံဗီရို (၄)လုံးစီ၊ (၈ ပေ x ၄ ပေ)အရွယ် Whitboart (၄)ချပ်စီ၊ Whitboart Marker (၆)ဒါဇင်၊ မှင်ဖြည့်ဆေးရည်ဘူး (၂၀) စီနှင့် သင်ပုန်းဖျက်စရာ (၆)ခုစီကို ထောက်ပံ့ပေးခဲ့ကြောင်းနှင့် အဆိုပါကျောင်း (၁၉)ကျောင်းစလုံးအတွက် စုစုပေါင်းပစ္စည်းတန်ဖိုးငွေမှာ ကျပ်သိန်း (၁၄၀)ကျော်ဖြစ်ကြောင်း စီမံကိန်းညှိနှိုင်းရေးမှူး ဦးဇော်ထွန်းထံမှ သိရှိရသည်။
သတင်းနှင့်ဓါတ်ပုံ-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)