တနင်္သာရီ ၂၃ ဇွန်

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) အတွက် တနင်္သာရီမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် ဆရာတော်ကြီးတစ်ပါးနှင့် အဘိုးအဘွား ၃၂၀ စုစုပေါင်း ၃၂၁ ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှင့် ကိုဗစ်-၁၉ ကာလ နိုင်ငံတော်မှ အပိုဆောင်းထောက်ပံ့ငွေကျပ် ၃၀၀၀၀ တစ်ဦးလျှင် စုစုပေါင်းထောက်ပံ့ငွေကျပ် ၆၀၀၀၀ စီအား ယနေ့  နံနက် ၁၀ နာရီက  ဘိုးဘွားရိပ်သာနှင့် နေအိမ်များသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်း၊ ဌာနစိတ်မှူး ဒေါ်နှင်းယု၊ တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၊ ဒုတိယဦးစီးမှူး ဦးတင်ထွန်းအောင်နှင့် ချောင်းကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကို၊ ချောင်းငယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်စည်ဖြိုးတို့က ချောင်းကြီး ကျောင်းတိုက်ဆရာတော် သက်တော် ၁၀၁ နှစ်၊ ဝါတော် ၈၁ ဝါရှိ ဘဒ္ဒန္တပညာဒီပထံ လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ ကျပ်နှင့် ကိုဗစ်-၁၉ ကာလ နိုင်ငံတော်မှ အပိုဆောင်းထောက်ပံ့ငွေကျပ် ၃၀၀၀၀ စုစုပေါင်း ငွေကျပ် ၆၀၀၀၀ ကို ဆက်လက်လှူဒါန်းကြသည်။ ထို့နောက် ရပ်ကွက်နှစ်ခုနှင့် သဘာဝဘိုးဘွားရိပ်သာရှိ အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွားများထံသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ကျန်ရှိနေသော ကျေးရွာများရှိ အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေနှင့် အပိုဆောင်းထောက်ပံ့ငွေများကို သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ ပေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

 

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)