တနင်္သာရီ စက်တင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၌ ယခုနှစ် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဒေသခံတောင်သူများ အပိုဝင်ငွေရရှိစေရန်အတွက် ကြားညှပ်သီးနှံပင်များဖြစ်သည့် ကော်ဖီလျားထားဧက (၁၉၇)ဧက လျာထားဆောင်ရွက်ခဲ့ရာ ယခုအခါ လျာထားဧက (၁၉၇)ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ပြီး ကိုးကိုးပင် (၃၀)ဧက စုစုပေါင်း (၂၂၇)ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း တနင်္သာရီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
၂၀၂၃-၂၀၂၄ ခုနှစ်တွင် တနင်္သာရီမြို့နယ်၌ အမယ်သစ်သီးနှံများဖြစ်သည့် ကော်ဖီ (၁၉၇)ဧကကို စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကော်ဖီပင်ဧက ၁၉၇ ဧက လျာထားဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် ကော်ဖီပင် (၁၉၇)ဧကနှင့် ကိုးကိုးပင်ဧက (၃၀)ကို တောင်သူများအား စည်းရုံးစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
“ဒေသခံတောင်သူတွေ ကွမ်းသီးခြံများမှာ ကွမ်းသီးစျေးကျနေတာ ကြုံတွေ့နေရပါတယ်။ ဒီလို ကွမ်းသီးစျေးကျနေတဲ့အတွက် ကျွန်တော်တို့က ဌာနကတောင်သူတွေ အပိုဝင်ငွေတိုးတက်ရရှိစေဖို့ ကွမ်းသီးခြံတွေမှာ သီးညှပ်စနစ်နဲ့ ကော်ဖီနဲ့ကိုးကိုးသီးနှံပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရန် ရည်ရွယ်ချက်နဲ့ တောင်သူတွေကို စည်းရုံးပြီးတော့ အပိုဝင်ငွေရရှိအောင် ကော်ဖီနဲ့ကိုးကိုးပျိုးပင်များကို အခမဲ့ပေးအပ်ပြီးတော့ စိုက်ပျိုးစေခဲ့ပါတယ်။ ယခင်နှစ်ကထက် ယခုနှစ်မှာလည်း လျာထားဧကအတိုင်း ကော်ဖီ (၁၉၇)ဧကကို ပြည့်မီစိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ကိုးကိုးပင်ဧက (၃၀)ဧကကိုလည်း တိုးချဲ့စိုက်ပျိုးနိုင်တဲ့အတွက် ကော်ဖီနဲ့ကိုးကိုးပင်ဧက စုစုပေါင်း(၂၂၇)ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်” ဟု တနင်္သာရီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ဇော်က ပြောသည်။
တနင်္သာရီမြို့နယ်ရှိ ဒေသခံတောင်သူများ သီးညှပ်သီးနှံအဖြစ် တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ယခုနှစ်တွင် ကော်ဖီပျိုးပင် (၈၅၀၀၀)နှင့် ကိုးကိုးပျိုးပင် (၁၂၀၀၀)တို့ကို တောင်သူများအား အခမဲ့ထောက်ပံပေးအပ်ခဲ့ပြီး ယခုနှစ်တွင် လျာထားဧကပြည့်မီအောင် ကော်ဖီနှင့်ကိုးကိုးသီးနှံ ဧကပေါင်း (၂၂၇)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တနင်္သာရီမြို့နယ်တွင် နှစ်ရှည်သီးနှံအဖြစ် ရော်ဘာနှင့် ကွမ်းသီးပင်များကို အဓိကထား စိုက်ပျိုးလျက်ရှိပြီး နှစ်ရှည်သီးနှံပင်များဖြစ်သည့် ရော်ဘာပင်နှင့် ကွမ်းသီးပင်များ ကြားသီးညှပ်အဖြစ် ကော်ဖီနှင့်ကိုးကိုးသီးနှံပင်များကို တိုးချဲ့စိုက်ပျိုးခြင်းဖြင့် မြေတစ်ယူနစ် အသုံးချမှုတိုးတက်လာစေရန်၊ တောင်သူများ၏ ဝင်ငွေတိုးပွား၍ လူနေမှုဘဝမြင့်မားလာစေရန်၊ ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် မြန်မာ့ကော်ဖီ ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် စသည့် ရည်ရွယ်ချက်ဖြင့် တောင်သူများအား နည်းပညာပေးခြင်း၊ ပျိုးပင်များအား အခမဲ့ ပေးအပ်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်၌ ယခုနှစ် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကော်ဖီလျာထားဧက (၁၉၇)ဧက လျာထားဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အထိ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ပြီး ကိုးကိုးပင် (၃၀)ဧကကိုလည်း တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် စိုက်ပျိုးသည့်ဧရိယာများမှာ ဥယျာဉ်ခြံမြေများတွင် (၁၁၄)ဧက၊ သစ်တောကြိုးဝိုင်းတွင် (၁၈၃)ဧကနှင့် စုစုပေါင်း ကော်ဖီနှင့်ကိုးကိုးပင်ဧက (၂၂၇)ဧကတို့အား စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။
မြင့်ဦး(မြိတ်)


