တနင်္သာရီမြို့နယ်၌ ယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများ ပေးအပ်

တနင်္သာရီ သြဂုတ် ၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လူနေအိမ်များသို့ ရေဝင်နစ်မြုပ်မှုဖြစ်ပွား၍ ယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ရေဘေးသင့်ပြည်သူ (၂၁၆)ဉီးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ကျပ် ၄၅၃၆၀၀ ပေးအပ်ခြင်းကို သြဂုတ် ၂ ရက် ညနေ ၃ နာရီက တနင်္သာရီမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ မြို့နယ်ဉီးစီးမှူး ဉီးကျော်ဆန်းနှင့် တာဝန်ရှိသူများက သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ရာ၌ သြဂုတ် ၁ ရက်နှင့် သြဂုတ် ၂ ရက်တို့တွင် ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် အိမ်ထောင်စု(၁)စု လူဦးရေ(၇)ဦး၊ မြေမအုံကျေးရွာရှိ Multipurpose Shelter ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် အိမ်ထောင်စု(၃၉)စု လူဦးရေ(၁၉၁)ဦး၊ ချောင်းကြီးဘုန်းကြီးကျောင်း ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် အိမ်ထောင်စု(၂)စု လူဦးရေ(၁၂)ဦး၊ မြန်မာအင်းတော်ဘုန်းကြီးကျောင်း ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် အိမ်ထောင်စု(၂)စု၊ လူဦးရေ(၆)ဦး စုစုပေါင်းအိမ်ထာင်စု (၄၄)စု၊ လူဦးရေ(၂၁၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ကျပ် ၄၅၃၆၀၀ အား သြဂုတ် ၂ ရက် မွန်းလွဲ ၃ နာရီခန့်က မြို့နယ်ဦးစီးမှူး ဉီးကျော်ဆန်းနှင့် တာဝန်ရှိသူများ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်ဉီး(မြိတ်)