တနင်္သာရီ စက်တင်ဘာ ၂၀ 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ "ပန်းခင်း"စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် စက်တင်ဘာ(၁၈)ရက်မှ (၁၉)ရက်အထိ  အရှေ့မော်တုန်းကျေးရွာအုပ်စု (အထက)ကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် တနင်္သာရီမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်ကြွယ်နှင့် ဝန်ထမ်းများက အရှေ့မော်တုန်းကျေးရွာအုပ်စုအတွင်း နေထိုင်လျက်ရှိကြသည့် ကျေးလက်နေပြည်သူများအား အသက်(၁၀)နှစ်ပြည့်(၁၆)ဦး၊ အသက်(၁၈)နှစ်ပြည့်(၄၁)ဦး စုစုပေါင်း(၅၇)ဦးအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားများပြုလုပ်ပေးခဲ့ပြီး၊ အိမ်ထောင်စုစာရင်း(၁၁)စုကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို  ရပ်ကွက်/ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာတွင် မိမိတို့မွေးဖွားရာဇာတိတွင် အမြဲနေထိုင်ကာ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိသူများနှင့် ရွေ့ပြောင်းနေသူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ပြုလုပ်ပေးမည်ဖြစ်ပြီး ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

သီသီခိုင်(တနင်္သာရီ)