တနင်္သာရီ ၈ ဩဂုတ်
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တနင်္သာရီမြစ်ရေ မြင့်တက်လာသဖြင့် ဩဂုတ် ၇ ရက်မှစတင်၍ တနင်္သာရီမြို့အတွင်းနှင့် ကျေးရွာများမှ အနိမ့်ပိုင်းနေရာများ ရေဝင်ရောက် နစ်မြုပ်မှုဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်မှာ ၁၇ ပေတွင်ရှိပြီး ဩလုတ် ၈ ရက် မွန်းလွဲပိုင်းတွင် ၂၀ ပေအထက်သို့ ရောက်ရှိကာ တနင်္သာရီမြို့အတွင်းနှင့် ကျေးရွာများရှိ အနိမ့်ပိုင်းနေအိမ်များဖြစ်သော တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက် မွန်စုသီတာလမ်းမှ အိမ်ထောင်စု ၃၀ စုမှ လူဦးရေ စုစုပေါင်း ၁၉၅ ဦးတို့အား ချောင်းငယ်ရပ်ကွက်ရှိ သဘာဝဘိုးဘွားရိပ်သာတွင်လည်းကောင်း၊ ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ ဘန်းသဲကျေးရွာမှ အိမ်ထောင်စု ၉ စုမှ လူဦးရေ စုစုပေါင်း ၄၅ ဦးတို့အား ဘန်းသဲကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု သေညာင်ပင်ကွင်းကျေးရွာတွင် အိမ်ထောင်စု ၃၀ စု လူဦးရေ စုစုပေါင်း ၅၅ ဦးနှင့် ပျို့အိုင်ကျေးရွာမှ အိမ်ထောင်စု ၁၁ စုလူဦးရေ စုစုပေါင်း ၃၀ ဦးတို့အား ပျို့အိုင်ကျေးရွာ မူလတန်းကျောင်း၌ ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ နေထိုင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေဘေးသင့်ပြည်သူများအား စေတနာရှင်အလှူရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ အစားအသောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စန်းထူး (မြိတ်ကိုယ်ပွား)


