တနင်္သာရီ ဩဂုတ် ၇

 

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် ဇူလိုင်လအတွင်း မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ဇူလိုင် ၃၁ ရက်တွင် အန္တရာယ်ရေအမှတ်ဖြစ်သည့် ၂၄ ပေအထက် (၇ပေ)ကျော်လွန်၍ (၃၁)ပေအထိ မြစ်ရေကြီးမြင့်ခဲ့ပြီး ယခုအခါ မြစ်ရေတဖြည်းဖြည်း ပြန်လည်ကျဆင်းကာ သာမန်မြစ်ရေသို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သိရှိရသည်။

 

ဩဂုတ် ၇ ရက် နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံ တပ်မတော်သားများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ မြို့တွင်းရှိ လမ်းမများပေါ်တွင် မြစ်ရေကြောင့် တင်ကျန်ခဲ့သည့် ရွှံညွန်နုန်းများနှင့် အမှိုက်သရိုက် အညစ်အကြေးများကို စုပေါင်းဖယ်ရှားပေးကြပြီး မီးသတ်ဦးစီးဌာနက ရေသယ်ယာဉ် ရေပန်းများဖြင့် သန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ပေးကြကြောင်း သိရှိရသည်။

 

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)