တနင်္သာရီ    ဩဂုတ်   ၄

 

တနင်္သာရီတိုင်းဒေသကြီးတနင်္သာရီ မြို့နယ်အတွင်း   မိုးများအဆက်မပြတ်  သည်းထန်စွာရွာသွန်းနေမှုကြောင့်   ဩဂုတ်  ၃  ရက် မွန်းလွဲ ၃ နာရီကစတင်ပြီး မြို့ပေါ်ရပ်ကွက်အတွင်း အနိမ့်ပိုင်းနေရာတချို့တွင်  တနင်္သာရီမြစ်ရေများ ဝင်ရောက်နေပြီဖြစ်သည်။

 

ချောင်းငယ်ရပ်ကွက်အတွင်း အနိမ့်ပိုင်းနေရာဖြစ်သည့် မွန်စု-သီတာလမ်း (ရိပ်သာလမ်းနှင့်   သီတာလမ်းဆုံ)   နေရာ၌ တစ်ပေခွဲခန့်နှင့်   ရေဆိပ်အဆင်းလမ်းတွင်    တစ်ပေခန့်ဝင်ရောက်လျက်ရှိသည်။  အလားတူ ချောင်းကြီးရပ်ကွက် - တိုးချဲ့(၂)လမ်းတွင်   ခြောက်လက်မခန့်၊ ရွှေလိပ်ပြာလမ်းအတွင်း လေးလက်မခန့် မြစ်ရေများ ဝင်ရောက်နေပြီဖြစ်သည်။

 

သို့ပါ၍ ရပ်ကွက်များအတွင်း ရေများလျော့ကျစေရေးအတွက် မြို့နယ်ဘေးအန္တရာယ်  ကြိုတင်ကာကွယ်ရေး  ကော်မတီဝင်များ ကြီးကြပ်၍ မြို့အတွင်းရှိ ရေများ ကို ရေထိန်းစက်ရုံရှိ ရေစုပ်စက် နှစ်လုံး၊   ရှစ်လက်မ  ရေစုပ်ပန့် လေးလုံးတို့ဖြင့်   ရေများစုပ်ထုတ်ပေးလျက်ရှိရာ အမှတ်(၂) စစ်နယ်မြေမှူး   ဗိုလ်မှူးကြီး အောင်ကိုလတ်နှင့်    မြို့နယ် အုပ်ချုပ်ရေးမှူးတို့က လာရောက် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

တနင်္သာရီမြို့နယ်၏   စိုးရိမ်ရေမှတ်မှာ သာမန်မြစ်ရေ အထက်  ၁၇ ပေဖြစ်ပြီး  အန္တရာယ်ရေမှတ်မှာ ၂၄ ပေ   သတ်မှတ် ထားကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)