တနင်္သာရီ နိုဝင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ အ.ထ.က တနင်္သာရီကျောင်းအတွင်း အသက် (၁၂) နှစ်နှင့်အထက် အခြေခံပညာ အထက်တန်းနှင့် အလယ်တန်း ကျောင်းသား/ ကျောင်းသူ ၁၉၇ ဦးကို နိုဝင်ဘာ ၂၀ ရက်က (ဒုတိယ) အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ကျန်းမာရေးဆရာမများနှင့် ပညာရေးဌာန ဆရာ/ဆရာမများ၊ ပရဟိတအဖွဲ့များ ပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ သတ်မှတ်နေ့ရက်အလိုက် ထိုးနှံပေးကြသည်။
တနင်္သာရီမြို့နယ်အတွင်း ကျောင်းသား/ ကျောင်းသူများ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်း ပြည့်ဝစေရန်နှင့် အေးချမ်းလုံခြုံစွာ ပညာသင်ကြားနိုင်ရန် ရည်ရွယ်ချက်ဖြင့် အောက်တိုဘာ ၁၇ ရက်မှ ၂၁ ရက်အတွင်း (ပထမ) အကြိမ်အဖြစ် Sinovac ကာကွယ်ဆေး ထိုးနှံထားပြီးသည့် ကျောင်းသား/ကျောင်းသူ ၂၉၂၁ ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရန် ဆေးထိုးအုပ်စုများခွဲ၍ (ဒုတိယ) အကြိမ် ထိုးနှံပေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် အ.ထ.က တနင်္သာရီ၌ (ပထမ) အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသည့် အလယ်တန်းအဆင့် ကျောင်းသား (၁၁) ဦးနှင့် ကျောင်းသူ (၈) ဦးတို့သည် (ဒုတိယ) အကြိမ် ဆေးနှံရန် ကျန်ရှိနေသေးကြောင်းနှင့် ကျောင်းတက်နေပြီး ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးရသေးသော ကျောင်းသား (၁၂) ဦးနှင့် ကျောင်းသူ (၁၈) ဦးတို့ကိုလည်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးခင်ဇော်ထံက သိရသည်။
နန်းသာရီ - ထိန်ဝင်း(ပြန်/ဆက်)
