တနင်္သာရီ ၁၈ သြဂုတ်
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း မြစ်ရေကြီးပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သော ရပ်ကွက်/ကျေးရွာ အသီးသီးတို့မှ အများသုံး/ အိမ်သုံး/ ကျောင်းသုံးရေတွင်းများရှိ ညစ်ညမ်းရေများအား ရေစုပ်စက်ဖြင့်စုပ်ထုတ်ပြီး ရေမှုတ်သန့်စင်ပေးခြင်းလုပ်ငန်းကို သြဂုတ် ၁၆ ရက်မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေးနှင့် သန့်ရှင်းသော သောက်ရေသုံးရေကို ရရှိသုံးစွဲနိုင်ရေးအတွက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ကျေးရွာမီးသတ်တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး ပါဝင်လျက် ပူးပေါင်းဆောင်ရွက်ခဲ့ကြရာ သြဂုတ် ၁၇ ရက်က ဆင်ခြေဖုန်းကျေးရွာအုပ်စု လယ်တောင်ယာကျေးရွာအတွင်း သောက်သုံးရေတွင်း (၇)တွင်းကို ရေမှုတ်သန့်စင်ပေးခဲ့ကြကြောင်း ကျေး/လက်ဦးစီးဌာနမှ သိရှိရသည်။
ထို့အပြင် အဆိုပါအဖွဲ့သည် သြဂုတ် ၁၆ ရက်က ဘန်းလမွတ်ကျေးရွာအုပ်စုအတွင်းရှိ အများသောက်သုံးရေတွင်း (၆)တွင်းကိုလည်း ရေမှုတ်သန့်စင်ခဲ့ကြောင်း၊ အခြားရပ်ကွက်/ကျေးရွာများရှိ ရေနစ်မြုပ်ခြင်းခံခဲ့ရသည့် ရေတွင်းများကို ယခုကဲ့သို့ ရေမှုတ်သန့်စင်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးအရာရှိ ဦးညီညီဝင်းက ပြောပြသည်။
မြို့နယ်ကျေးလက်ဦးစီးဌာနမှ ရေမှုတ်သန့်စင်ပြီးသည့် သောက်သုံးရေတွင်းများကို ရပ်ကွက်/ကျေးရွာရှိ ကျန်းမာရေးဆရာ/ဆရာမများမှ ကလိုရိုရင်းဆေး လိုက်ခတ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်း-နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)


