တနင်္သာရီ ဇူလိုင် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ တောင်ကျရေများလည်း စီးဆင်းလာမှုတို့ကြောင့် မြစ်ရေ တဖြည်းဖြည်း မြင့်တက်လျက်ရှိရာ ဇူလိုင် ၂၈ ရက် နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ တနင်္သာရီမြစ်ရေ အမှတ်မှာ ၁၈ ပေ ၅ လက်မအထိ မြင့်တက်လာသည့်အတွက် မြို့၏စိုးရိမ်ရေအမှတ် အထက်သို့ ၁ ပေ ၅ လက်မခန့် ကျော်လွန်ကာ မြို့ပေါ်ရပ် ကွက်ရှိ မြေနိမ့်ပိုင်းလမ်းမကြီးများ ရေကျော်ကာ လူနေအိမ်များသို့ ရေဝင်နစ်မြုပ်လျက်ရှိကြောင်း သိရသည်။
မြစ်ရေများမြင့်တက်လာခြင်းကြောင့် တနင်္သာရီမြို့ပေါ် မြေနိမ့်ပိုင်းဖြစ်သည့် ချောင်းကြီးရပ်ကွက်တွင် ရွှေလိပ်ပြာလမ်း၊ တိုးချဲ့ (၁)၊ (၂)၊ (၃)၊ (၄) နှင့် (၅)လမ်း၊ ဘောလုံးကွင်းလမ်းနှင့် ချောင်းငယ်ရပ်ကွက်တွင် မွန်စု၊ သီတာလမ်းတို့တွင် လမ်းများရေကျော်လာမှုတို့ကြောင့် အဆိုပါလမ်းများတွင် နေထိုင်သည့် လူနေအိမ်များမှာလည်း ရေဝင်ရောက်နစ်မြုပ်လျက်ရှိပြီး ပစ္စည်းများ ဆုံးရှုံးမှုမဖြစ်စေရန် အခြားရေလွတ်ရာနေရာများသို့ ပစ္စည်းများအား ယာယီပြောင်းရွှေ့နေကြကြောင်း သိရသည်။
မြစ်ရေများ မြို့အတွင်းသို့ ဝင်ရောက်မှုမှ ကာကွယ်တားဆီးနိုင်ရန်အတွက် တနင်္သာရီမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ရေထိန်းတံခါးအားပိတ်ထား၍ မြို့အတွင်းဝင်ရောက်လျက်ရှိနေသော မိုးရေများအား ရေစုပ်စက်ကြီး (၂)လုံးဖြင့် အချိန်ပြည့် စုပ်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
တနင်္သာရီမြို့၏ ပုံမှန်မြစ်ရေအမှတ်သည် သာမန်မြစ်ရေ အထက်(၅)ပေဖြစ်ပြီး စိုးရိမ်ရေအမှတ်မှာ ပုံမှန်မြစ်ရေ အထက် (၁၇)ပေနှင့် အန္တရာယ်ရေအမှတ်မှာ (၂၄)ပေဖြစ်ကြောင်း သိရသည်။
မြင့်ဦး(မြိတ်)


