တနင်္သာရီ  ၁၈   အောက်တိုဘာ 

တနင်္သာရီတိုင်းဒေသကြီးတွင် ထူးခြားသည့် ပွဲတော်တစ်ခုဖြစ်သည့် နှစ်ပေါင်း (၈၆၆) နှစ် သက်တမ်းရှိသော တနင်္သာရီမြို့၏ ရှေ့ဟောင်းသမိုင်းဝင်ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်သောနဂါးလှေတော်များ "ဧဇာ" ခေါ်ခြင်းနှင့်မင်္ဂလာရေခင်း သဘင်ပွဲ အခမ်းအနားကို ထိုင်းနိုင်ငံ မဟိန္ဒာတက္ကသိုလ်မှ ပညာရှင်များအဖွဲ့က လာရောက်လေ့လာခဲ့ကြောင်း သိရသည်။

 

a

 

နှစ်ပေါင်း(၈၆၆)နှစ်သက်တမ်းရှိသော တနင်္သာရီမြို့၏ ရှေးဟောင်းသမိုင်းဝင်ရိုးရာ နဂါးလှေတော်များ" ဧဇာ"ခေါ်ခြင်းနှင့်မင်္ဂလာရေခင်း သဘင်ပွဲတော်နှင့် စုပေါင်းမဟာဘုံကထိန်ပွဲကို အောက်တိုဘာ ၁၇ ရက် (၁၃၈၁ ခုနှစ်သီတင်း ကျွတ်လပြည်ကျော် ၄ ရက်) နံနက် ၆ နာရီ ၃၀ မိနစ်အချိန်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊တနင်္သာရီမြို့နှင့် ချောင်းကြီး၊ချောင်းငယ်မြစ်နှစ်သွယ် အတွင်း၌ ကျင်းပခဲ့ရာ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြည့်ရှုသူများ၊ ခရီးသွားလုပ်ငန်းအဖွဲ့များအပြင် ထိုင်းနိုင်ငံမဟိန္ဒာတက္ကသိုလ်မှပညာရှင်များ အဖွဲ့ကစိတ်ဝင်တစားဖြင့် လာရောက်လေ့လာကြည့်ရှုအားပေးခဲ့ကြောင်း တနင်္သာရီမြို့နယ်စာပေနှင့်ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း မြှင့်တင်ရေးအဖွဲ့ ဥက္ကဌ ဉီးသန်းစိုးဝင်း (နဂါးလှေများရဲ့ခေါင်းဆောင်)ထံမှ သိရသည်။

 

a

 

ယခင်နှစ်ကနဂါးလှေခြောက်စင်းဖြင့် လှော်ခတ်ပူဇော်ခဲ့သော်လည်း ယခုနှစ်တွင်တနင်္သာရီမြို့မှ သက်တမ်းနှစ်ပေါင်း(၈၀)ကျော်ရှိရွှေနန်းသာရီ အမည်ရှိသော ရိုးရာနဂါးလှေတော်မှာကြံ့ခိုင်မှု အားနည်းလာသည့် အတွက်ပါဝင်ခြင်း မရှိသောကြောင့် ရိုးရာနဂါးလှေတော်များ" ဧဇာ"ခေါ်ခြင်းနှင့် မင်္ဂလာရေခင်း သဘင်ပွဲတော်တွင် တနင်္သာရီမြို့မှငွေနန်းသာရီအမည်ရှိ နဂါးလှေတော်တစ်စင်းနှင့် လယ်သစ်ကျေးရွာမှ ရန်ကြီးအောင်၊မြကြီးအောင်၊ ပတ္တမြားသွယ်၊ စိန်ပန်းသွယ်အမည်ရှိ နဂါးလှေတာ်လေးစင်း၊ စုစုပေါင်းနဂါးလှေတော်(၅)စင်းဖြင့် လှေလှော်သား(၂၁၂) ဉီးတို့ဖြင့် နံနက် ၆ နာရီ ၃၀ မိနစ်အချိန်တွင် မြို့အဝင်ရွှေလိပ်ပြာစုရပ်နှင့် ဘန်ဂလိုလှေဆိပ်စုရပ်တို့မှ စတင်ကာတနင်္သာရီမြစ်ကြောင်း အတိုင်း တက်ညီလက်ညီ လှော်ခတ်ထွက်လာပြီး တနင်္သာရီ မြို့ရှိ တန်ခိုးကြီး ဘုရားများဖြစ်သော နဝထပ်(နဂါးကပ်တောင်) စေတီ၊မြဝတ်ဆင်၊ဝင်္ဂဘာ၊လေသာနန်း ဉီးစေတီစသည်စေတီတော်များကိုမြစ်အတွင်းမှ လက်ယာရစ် ဉီးခိုက်ပူဇော်လှော်ခတ်ခဲ့ကြပြီးမြို့ကို လက်ယာရစ်လှည့်ပတ်ကာ တနင်္သာရီမြို့တွင်း "ဧဇာ"သီရစ်ကျူးရင်းညီညာစွာ လှော်ခတ်ခဲ့ကြကြောင်း သိရသည်။

 

a

 

တနင်္သာရီမြို့၌ နှစ်စဉ် အစဉ် အလာမပျက် ကျင်းပနေရာ အဆိုပါရိုးရာ နဂါးလှေတော်များ"ဧဇာ" ခေါ်ခြင်းနှင့် မင်္ဂလာရေခင်းသဘင် အခမ်းအနားကိုယခုနှစ်တွင် အိမ်နီးချင်းထိုင်းနိုင်ငံမဟိန္ဒာတက္ကသိုလ်မှ ပညာရှင်များအဖွဲ့မှ တနင်္သာရီမြို့သို့ လာရောက်လေ့လာကြည့်ရှုကာ တနင်္သာရီမြို့ရှိယဉ်ကျေးမှုပြတိုက်၊ ဈေးနှင့်မြို့အတွင်းလှည့်လည် ကြည့်ရှုပြီး သမိုင်းဝင်တန်ခိုးကြီးဘုရားများအား ဖူးမြော်ခဲ့ကြကြောင်း တနင်္သာရီမြို့နယ်စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့ ဥက္ကဌ ဉီးသန်းစိုးဝင်း၏ ပြောပြချက်အရ သိရသည်။

 

a

 


မြင့်ဉီး(မြိတ်)