တနင်္သာရီ၊ ၂၉ ဒီဇင်ဘာ
တနင်္သာရီမြို့နယ်အတွင်း ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုးရောင်းချနေသော ဆေးဆိုင်များတွင် ဆေးရောင်းချခွင့် လိုင်စင် ရှိ/မရှိနှင့် မှတ်ပုံမတင်ထားသော ဆေးဝါးများ ရောင်းချနေခြင်း ရှိ/မရှိ၊ တားမြစ်ဆေးဝါးများ ရောင်းချနေခြင်း ရှိ/မရှိကို မြို့နယ်ဆေးဝါကြးကြပ်ရေးအဖွဲ့က ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် ဖြစ်သည့် ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များသို့ ရှောင်တခင် သွားရောက် စစ်ဆေးကြသည်။
ယင်းသို့ စစ်ဆေးရာ၌ မြို့နယ်ဆေးဝါးကြီးကြပ်ရေးအဖွဲ့မှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်သိုက်ထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စိုးအောင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးတင်ထွန်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်အောင်ကြည်သိန်းနှင့် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆေးဆိုင်များအား လိုက်လံစစ်ဆေးကြပြီး တရားမဝင်ဆေးဝါးပစ္စည်းများကို လုံးဝရောင်းချခြင်း မပြုရန် ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ တကူကျေးရွာအုပ်စု၌လည်း တကူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ငွေနှင့်အဖွဲ့၊ ကျေးလက်ကျန်းမာရေးဌာနမှ ဆရာမကြီးဒေါ်မြင့်မြင့်ခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ တကူရဲကင်းမှ တပ်ကြပ်ကြီးမျိုးသော်တာနှင့် ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က တကူကျေးရွာအုပ်စု ပြည်အေးရွာ၊ သံတိုက်ရွာရှိ ဆေးဆိုင်များကို စစ်ဆေးကြပြီး ပညာပေးဆွေးနွေးခဲ့ကြ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)


