ထားဝယ် ဇန်နဝါရီ ၂၁
တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်း နိုင်ငံသံအမတ်ကြီးနှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် ထားဝယ်မြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု၊ ဒေသတွင်း ခရီးသွားလုပ်ငန်းကဏ္ဍ၊ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အတွင်းရှိ ထင်ရှားပြီး ခရီးသွားဆွဲဆောင်မှုနေရာများဖြစ်သော ပင်လယ်ကမ်းခြေများနှင့် ကျွန်းများ၏ အခြေအနေ၊ ပြည်ပ ခရီးသွားဧည့်သည်များ ဝင်ရောက်မှု၊ မြိတ်ကျွန်းစုပင်လယ်ပြင်အတွင်းရှိ ကျွန်းများပေါ်တွင် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံဆောင်ရွက်ထားကြသည့် ဟိုတယ်စီမံကိန်း လုပ်ငန်းများ၏ အခြေအနေတို့ကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဝန်ကြီးများ၊ ထားဝယ်အထူး စီးပွားရေးဇုန်ဥက္ကဋ္ဌ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးမှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)


