မြိတ် ဇူလိုင် ၃၁
တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ ထိုင်းနိုင်ငံသို့ ငါးများသွားရောက်ရောင်းချနေသည့် ကမ်းနီးငါးသယ်လှေများတွင် ရေယာဉ်စောင့်ကြည့်ရေးစနစ် (Vessel Monitoring System) တပ်ဆင်ရမည်ဖြစ်ကြောင်း ရေလုပ်ငန်းရှင်များထံမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ငါးဖမ်းဆီးခြင်းဆောင်ရွက်နေသည့် ကမ်းဝေးငါးဖမ်းလှေကြီးအားလုံးတွင် VMS တပ်ဆင်ထားသကဲ့သို့ ငါးသယ်လှေကြီးများတွင်လည်း VMS တပ်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။
“ကမ်းနီးငါးသယ်လှေတွေမှာ အရင်က VMS တပ်ဆင်ထားရခြင်းမရှိဘူး။ ကမ်းနီးငါးသယ်လှေလို့ဆိုရာမှာ နိုင်ငံခြားကို ငါးသွားရောက်ရောင်းချနေတဲ့ လှေတွေကို ဆိုလိုတာပါ။ ပြည်တွင်းမှာ ငါးသယ်ယူပို့ဆောင်ပေးနေတဲ့ လှေကလေးတွေမပါဘူး။ ငါးသယ်လှေကြီးတွေမှာက အရင်ကတည်းက VMS တပ်ဆင်ထားတာရှိတယ်။ အခုက ငါးသယ်လှေကလေးတွေပါ တပ်ဆင်ရမယ်လို့ သိရတယ်။ တနင်္သာရီတိုင်းဘက်မှာက ထိုင်းနိုင်ငံကို ငါးသွားရောင်းရတာဆိုတော့ ထိုင်းကိုသွားနေတဲ့ ကမ်းနီးငါးသယ်လှေတွေမှာ တပ်ဆင်ရမှာပါ။ လာမယ့် ၁၁ ပိုင်းကျရင် ဒီညွှန်ကြားချက်က အသက်ဝင်မှာလို့ သိရပါတယ်” ဟု မြိတ်မြို့မှ ငါးလှေပိုင်ရှင်တစ်ဦးက ပြောသည်။
တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်ရှိ ငါးဖမ်းလှေများမှရရှိသော ငါးများကို ထိုင်းနိုင်ငံသို့ သွားရောက်ရောင်းချနေသည့် ငါးသယ်လှေများတွင် VMS တပ်ဆင်ရန် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက ယခုလအတွင်း အသိပေးအကြောင်းကြားထားကြောင်း သိရသည်။
“VMS တပ်ဆင်ရာမှာ သတ်မှတ်ညွှန်ကြားချက်အတိုင်း မလိုက်နာဘူးဆိုရင် ဒဏ်ငွေတပ်ရိုက်ခံရနိုင်တယ်။ နောက်ထပ်တွေ့ရှိပါက လှေနှင့် လုပ်ငန်းပါ အသိမ်းခံရနိုင်ပါတယ်။ ဒဏ်ငွေ ကျပ်သိန်း (၃၀)၊ လုပ်ငန်းယာယီရပ်နားတာ၊ နောက်ထပ် ဒီထက်ဒဏ်ငွေတိုးတာ လုပ်ငန်းယာယီရပ်နားခိုင်းတာ ပိုကြာမြင့်တာမျိုး၊ (၃)ကြိမ်မြောက်ဆိုရင် ဥပဒေအရအရေးယူခံရပြီး လုပ်ငန်းအပြီးတိုင် ရုပ်သိမ်းခံရတာမျိုးတွေ ရှိပါတယ်” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပင်လယ်ပြင်အတွင်း လုပ်ကိုင်လျက်ရှိသော ငါးဖမ်းလှေများနှင့် ငါးသယ်လှေများကို နေပြည်တော်၊ ရန်ကုန်မြို့နှင့် မြိတ်မြို့တို့တွင် စောင့်ကြည့်ရေးစင်တာများထားရှိကာ စောင့်ကြည့်ဆောင်ရွက်နေကြောင်းနှင့် ကမ်းဝေးလှေကြီးများနှင့် ငါးသယ်လှေကြီးများတွင် VMS ကို အမြဲတမ်းတပ်ဆင်ထားရပြီး ငါးဖမ်းရာသီရပ်နားထားရသည့် အချိန်များတွင်လည်း VMS တပ်ဆင်ကာ လစဉ်ကြေးပေးဆောင်ရကြောင်း သိရသည်။
မြင့်ဦး(မြိတ်)