မြိတ် ၃ ဇွန်
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ဇွန်လ ၂ရက် မွန်းလွဲပိုင်းက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ကျွန်းရတနာ အစည်းအဝေး ခန်းမတွင် မြိတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရီးသွား လုပ်ငန်းရှင်များ၊ ဆလုံတိုင်းရင်းသားများ၊ မြိတ်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ တာဝန်ရှိသူများအားတွေ့ဆုံ၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြိတ်မြို့ ကန်ကြီးရပ်ကွက်ရှိ ကန်တော်မင်္ဂလာ ရေကန် သာယာလှပရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေ ကျပ်သိန်း(၂၀ဝ)၊ ကျွန်းစုမြို့နယ် ဒုံးညောင်မှိုင်းကျေးရွာတွင် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းအတွက်ကျပ်သိန်း(၁၀ဝ)၊ ဆလုံတိုင်းရင်းသားများအတွက် ထောက်ပံ့ငွေ ကျပ်(၁ဝ၈)သိန်းတို့ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ က ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ဝန်ကြီးချုပ် ဦးမြင့်မောင် က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးများက ကဏ္ဍအလိုက် ဆွေးနွေး ပြောကြားကြသည်။ ထိုနောက် မြိတ်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက မြိတ်ခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ရေးဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ထောက်ပံ့ငွေများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာတို့က တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။
ထို့နောက် ဆလုံတိုင်းရင်းသားများ ကိုယ်စား ဆလုံစာပေယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစောရူးဘီ က ကျေးဇူးတင်စကား ပြောကြားပြီး ဝန်ကြီးချုပ် ဦးမြင့်မောင် က နိဂုံးချုပ် အမှာစကား ပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် မြိတ်တောင်နယ်မြေ ဦးမြတ်လေးလမ်း အထက မြို့သစ်ကျောင်းအရှေ့၌ ဖွင့်လှစ်ထားသော Fever Clinic အခမဲ့ ဖျားနာဆေးကုသခန်းကို သွားရောက် ကြည့်ရှု အားပေးခဲ့ကြပြီး ဆေးခန်းအတွက် အထောက်အကူပြု ပစ္စည်းများကို ဝန်ကြီးချုပ်မှ လှူဒါန်းပေးအပ် ခဲ့သည်။
ဆက်လက်၍ ကန်ကြီးရပ်ကွက်ရှိ ကန်တော်မင်္ဂလာရေကန်သို့ ရောက်ရှိခဲ့ရာ ရေကန်စိမ်းလန်းစိုပြည်ရေး နှင့် သာယာလှပရေးလုပ်ငန်းများ၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရေကန်မှ ရေပိုက်သွယ်တန်း ဆောင်ရွက်မည့် လုပ်ငန်းများအား မြိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ဦးမြတ်ကိုကိုက ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး(မြိတ် ပြန်/ဆက်)


