ထားဝယ်၊ ၃ ဇွန်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းသား/ကျောင်းသူများအား အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ဆရာ / ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ အန္တရာယ်မဖြစ်ပေါ်စေရေးနှင့် ဘေးကင်းလုံခြုံရေးတို့အတွက် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့်အဖွဲ့ဝင်များက တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
အခြေခံပညာကျောင်းများသို့ ကျောင်းသား/ကျောင်းသူများ လာရောက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဆရာ/ဆရာမများက ကျောင်းအဝင်ပေါက်၌ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း Mask နှင့် Face Shield များတပ်ဆင်ပေးခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ဆေးပေခြင်း၊ ကျောင်းများတွင် လက်ဆေးဘေစင်များ ထားရှိပေးခြင်းတို့ကို ပြုလုပ်ပေးပြီး သက်ဆိုင်ရာ စာသင်ခန်းအတွင်းသို့ ဝင်ရောက်ခွင့်ပြုပေးလျက်ရှိကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


