မြိတ် ၈ သြဂုတ်
ထိုင်း-မြန်မာနယ်စပ် မြိတ်ခရိုင် မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ဩဂုတ်(၇)ရက်က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပြီး မောတောင်မြို့ ဖွံဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြသည်။
တိုင်းဒေသကြီး ဝန်ကြီးနှင့် တာဝန်ရှိသူများသည် နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် တရားမဝင် ကုန်သွယ်မှု မရှိစေရေး၊ ပို့ကုန်/သွင်းကုန် ကုန်သွယ်ဆောင်ရွက်နေမှု အခြေအနေများနှင့် မောတောင်နယ်စပ် ကုန်သွယ်ရေး ကုန်သည်များအသင်း ယာယီကုန်ချိန်း(ဖလှယ်)ကွင်းနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကုန်သွယ်ရေး စခန်းတွင် စခန်းတာဝန်ခံမှ ကုန်သွယ်ရေးစခန်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းသည် မြိတ်မြို့မှ(၁၁၈)မိုင်ခန့်ကွာဝေးပြီး ထိုင်းနိုင်ငံ ပရာကျွတ် ခီရီခန်မြို့နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိကာမြေဧရိယာ(၃၁.၅၆)ဧက ကျယ်ဝန်းပြီး မောတောင်နယ်စပ်ကုန် သွယ်ရေးစခန်းကို (၂၀၁၃ခုနှစ် မေလ(၈)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။
မောတောင်နယ်စပ်ကုန်သွယ်ရေး စခန်း၏ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှုအနေဖြင့် ကျပ်သန်းပေါင်း(၉၈၄.၃၀၅)သန်းနှင့် ထိုင်းဘတ် (၁၀၈၈၆၀) ရှိကြောင်း ကုန်သွယ်ရေးစခန်းမှ သိရသည်။
တိုင်းဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိသူများသည် မောတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ မောတောင်မြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများတွေ့ဆုံ၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက မောတောင်မြို့ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အစိုးရ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထိုနောက် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြိတ်ခရိုင် ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ဉက္ကဌနှင့် မောတောင်မြို့ ဒေသခံပြည်သူများမှ မောတောင် မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့ကြပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)