ထားဝယ်   ၂၉   ဇူလိုင် 

 

ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့်  ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်တို့  ဦးဆောင်သောအဖွဲ့သည် ခရီးသွားနှင့် ရင်းနှီးမြုပ်နှံမှု ကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်ရန်  တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့သို့ ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက မြန်မာလေကြောင်းဖြင့် ရောက်ရှိကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည်   တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်များ၊  တာဝန်ရှိသူများနှင့်အတူ   သူဌေးကျွန်းရှိ Marina Bay ပြုလုပ်မည့် နေရာကို မော်တော်ဘုတ်များဖြင့်  ကြည့်ရှုလေ့လာကြသည်။

 

မွန်းလွဲပိုင်းတွင် သူဌေးကျွန်းဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၁၉) အစည်းအဝေးကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က  တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစု ဒေသသည် ကျွန်းပေါင်းများစွာ ကမ်းခြေပေါင်းများစွာဖြင့် ဖွဲ့စည်းထားပြီး ပင်လယ်ပြင်ကျွန်း ခရီးသွားလုပ်ငန်းများ၊ နေ့ချင်းပြန် ခရီးသွားလုပ်ငန်းများ၊ အပျော်စီးသင်္ဘော ခရီးစဉ်များ စသည့် ပင်လယ်ပြင်ကို အခြေပြုသော ခရီးသွားလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသဖြင့် နှစ်စဉ် ခရီးသွား ရောက်ရှိမှုတွင်လည်း တိုးတက်လျှက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရန်ဖြစ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သောခရီးသွားလုပ်ငန်း(Sustainable Tourism)အဖြစ် ဖော်ဆောင် သွား ရန် လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုနှင့်အတူ သဘာဝပတ်ဝန်းကျင်နှင့် ပင်လယ်သယံဇာတ အရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း၊ ကျွန်းများပေါ်တွင် အဆောက်အဦများ ဆောက်လုပ်ရာ၌ သဘာဝကိုမပျက်စီးစေသော Ecolodge ပုံစံ အဆောက်အဦများကို ဆောက်လုပ်သင့်ကြောင်း၊ တနင်္သာရီတိုင်း ဒေသကြီး၏ ခရီးသွားလုပ်ငန်းမှ ရရှိသော ဝင်ငွေများထဲမှ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ထုတ်နုတ်သုံးစွဲသွားရန်  ပြောကြားသည်။

 

8

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းက မြန်မာနိုင်ငံ၏ သဘာဝ လှပပုံများအကြောင်း ၊ ကမ္ဘာ့နိုင်ငံများရှိ လူ့သက်တမ်းအတွင်း လှည့်လည် လည်ပတ်သင့်သည့်နေရာ  ၁၀ဝ တွင်မြန်မာနိုင်ငံသည် အပါအဝင်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုတွင် ခရီးသွားလုပ်ငန်းကဏ္ဍပါဝင်ကြောင်း ၊ ခရီးသွားလုပ်ငန်းသည် သဘာဝကို အခြေခံသည့် ခရီးသွားလုပ်ငန်းဖြစ်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူ အကျိုး ရှိမည့် သဘာဝပတ်ဝန်းကျင် ပျက်စီးထိခိုက်မှု အနည်းဆုံးဖြစ်မည့် ခရီးသွားလုပ်ငန်း ရင်းနှီး မြှုပ်နှံမှုများအား ဖိတ်ခေါ်ရန်လိုအပ်ကြောင်း၊ သင်္ဘောများကို ခရီးသွားရာသီတွင် အသုံးပြုပြီး ရာသီပိတ်သိမ်းချိန်တွင် လုံခြုံစွာသိမ်းဆည်းထားနိုင်ရန် ( Marina Bay) ထား ရှိခြင်းဖြင့် ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးလာနိုင်ပြီး နိုင်ငံဝင်ငွေပိုမို တိုးတက် လာနိုင် မည်ဖြစ် ကြောင်း။

 

 ပုလဲမွေးမြူရေးလုပ်ငန်းသည်လည်း မြန်မာ့ရေမြေနှင့် အပူချိန် ကိုက်ညီသည့် အတွက် ဝင်ငွေ ကောင်းမွန်သော လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ပုလဲလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် ငါးလုပ်ငန်းတို့သည် စနစ်တကျ သဟဇာတဖြစ်နေရန် လိုအပ်ကြောင်း၊ ပြည်ဝင်ခွင့်ဗီဇာကို လွယ်ကူအောင်ဖြေလျော့ပေးခြင်းဖြင့် ကမ္ဘာလှည့်ခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်လာခြင်း၊   နိုင်ငံခြားငွေ ပိုမို ရရှိလာနိုင်ခြင်းနှင့် လေယာဉ်ကြီးများ တက်ဆင်းနိုင်ရန် လေဆိပ်များပြင်ဆင်ခြင်းဖြင့် Tourism များ တိုးတက်လာမည်ဖြစ် ကြောင်း ပြောကြားသည်။

 

ထို့နောက်  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က ပြည်တွင်း/ ပြည်ပ ခရီးသွား လုပ်ငန်း ရင်းနှီးမြှုပ်နှံလိုသူများသည် ကမ်းရိုးတန်းတစ်လျှောက်ရှိ ကျွန်းများကို အာရုံ စိုက်လာကြကြောင်း၊ တနင်္သာရီတိုင်းအတွင်း၌ ကော့သောင်းဒေသ ခရီးသွား ဧည့်သည်များ ဝင်ထွက်သွားလာမှုသည်ပိုမိုများပြားကြောင်း၊  ထို့အတူ ပုလဲလုပ်ငန်းဇုန်၊ ခရီးသွားလုပ်ငန်းနှင့်  ဟိုတယ်လုပ်ငန်းဇုန်၊ ငါးလုပ်ငန်းဇုန်ဟူ၍ ဇုန်များခွဲခြားသတ်မှတ်ပေးရန် လိုအပ် ကြောင်း၊ အခြားနိုင်ငံမှခိုးဝင် Speed Boat များဝင်ရောက်မှုကို ပူးပေါင်း တားဆီး၍ ဒေသခံ များ၏ လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ရပ်ရွာ လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) နှင့် ခရီးသွား ရင်းနှီးမြှုပ်နှံတိုးတက်မှုသည် ပင်လယ်ပြင်မှာသာမက မြို့ပေါ်၌ပါ ရင်းနှီးမြှုပ်နှံလာစေရန် တိုက်တွန်း ပံ့ပိုးပေးစေခြင်းဖြင့် ဒေသခံလူထုအတွက်ပါ အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ပေါ်လာစေလိုကြောင်းနှင့် လိုင်စင်သက်တမ်းတိုး၊ ဟိုတယ်ဆောက်လုပ်ခြင်း လုပ်ငန်းများကို  ယခင်ကလို နေပြည် တော်ရုံးများအထိ သွားရောက်ရန် မလိုတော့ဘဲ တိုင်းဒေသကြီးအတွင်း၌ပင် ပြီးမြောက်အောင် ဆောင်ရွက်လျက်ရှိကြောင်းပြောကြားသည်။

 

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးညိုအေး က (၁/၂၀၁၉) အစည်းအဝေးဆုံးဖြတ်ချက်အပေါ် လိုက်နာဆောင်ရွက်မှုများအကြောင်း၊ ခရီး လှည့်လည်ရေး လုပ်ငန်းလိုင်စင်အသစ် လျှောက်ထားမှုများ၊ ဟိုတယ်အခန်းတိုးနှင့် လုပ် ငန်း လိုင်စင်သက်တမ်းတိုး၊ ခရီးလှည့်လည်ရေးလုပ်ငန်း လိုင်စင်သက်တမ်းတိုး လျှောက် ထားမှုများ၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် သက်တမ်းတိုးလျှောက်ထားမှုများ၊ တနင်္သာရီ တိုင်း ဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ Logo အား အတည်ပြုရန်ကိစ္စ၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူးနှင့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်း ကော်မတီဝင်(၃)ဦး တို့အား ဗီယက်နမ် နိုင်ငံ  Can Tho မြို့၌ ကျင်းပမည့်  Southern Tourism Corridor Cooperation အစည်းအဝေးသို့ တက်ရောက်ရန် ရွေးချယ်ထားမှုအား အတည်ပြုရန် ကိစ္စရပ်များကို တင်ပြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း တိုင်းဒေသကြီးပြန်/ဆက် မှ သတင်းရရှိသည်။ 

 

MDN