ထားဝယ် ၁၅ မေ
တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ (၆/၂၀၂၀) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင် က ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် အမိန့်၊ ညွှန်ကြားချက်များအား ထုတ်ပြန်လျက်ရှိရာတွင် တိုင်းဒေသကြီးအနေဖြင့် လိုက်နာဆောင်ရွက်လျက်ရှိသောကြောင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိသည့် တိုင်းနှင့် ပြည်နယ်(၄)ခုထဲတွင် ပါဝင်လျက်ရှိသော တိုင်းဒေသကြီးတစ်ခု ဖြစ်ပါကြောင်း၊ ဗဟိုကော်မတီက ပေးပို့ထားသော ညွှန်ကြားချက်များတွင် လိုက်နာဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များနှင့် ဆောင်ရွက်ရန် ကျန်ရှိသည့် ကိစ္စရပ်များလည်း ရှိပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်လည်း ဖြေလျော့ပေးရန် အချက်များအား တင်ပြထားရှိပါကြောင်း၊ ညမထွက်ရအမိန့်နှင့် ပတ်သက်၍ ည ၁၂ နာရီမှ မနက် ၄ နာရီအထိ ဖြေလျော့ပေးခြင်းအား သက်ဆိုင်ရာ ခရိုင်များသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ Community Based Facility Quarantine ပြုလုပ်ထားသော အခြေခံပညာကျောင်းများအား ဇူလိုင်လအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ပိုးသတ်ဆေးများ ဖျန်း၍ ဇွန် ၁၅ ရက်နေ့တွင် ပြန်လည်လွှဲပြောင်းပေးရန် ဗဟိုကော်မတီက ညွှန်ကြားထားရှိပါကြောင်း၊ ယခင်ထုတ်ပြန်ထားသော အမိန့်၊ ကြော်ငြာစာ၊ ညွှန်ကြားချက်များနှင့် ပြည်သူသို့ပန်ကြားချက်များအား မေ ၃၁ ရက်နေ့ အထိ တိုးမြှင့်ထားပါကြောင်းနှင့် ဖြေလျော့ပေးထားသော ကိစ္စရပ်များနှင့် ရောထွေးမှုမရှိစေရန် ဗဟိုကော်မတီက ညွှန်ကြား ထားကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ကော်မတီဝင်များက ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


