တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၁)ကျင်းပ

 

ထားဝယ် သြဂုတ် ၃

တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅/၂၀၂၁)ကို သြဂုတ် ၂ ရက် ညနေပိုင်းတွင် ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးအသိပညာပေးမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန်လိုအပ်ကြောင်း၊ ကာကွယ်ဆေးထိုးကိစ္စရပ်များကို ဂရုစိုက်ကြရန်၊ အသွားအလာဂရုပြုကြရန် အဓိကကျကြောင်း၊ ဆေးထိုးပြီးချိန် လိုက်နာရန်အတွက် ပညာပေးရန်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရန်လိုကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိနိုင်အကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ချိုက ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ကော်မတီဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)