ကျွန်းစု ၁၈ မေ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာအုပ်စု၊ ထိန်းချောင်းကျေးရွာ တစ်နေရာတည်းတွင်သာရှိသည့် ပျားရည်ဆွမ်းလောင်းလှူပွဲကို ယနေ့ နံနက် ၈ နာရီက အောင်တော်မူ သာသနာ့ရိပ်သာကျောင်းတိုက်၌ အစဉ်အလာမပျက် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပျားရည်ဆွမ်းလောင်းလှူပွဲကို အောင်တော်မူသာသနာ့ရိပ်သာ ကျောင်းတိုက်တွင် နှစ်စဉ်အစဉ်အလာမပျက် ကျင်းပလာခဲ့ရာ ပျားရည်သက်သက် ဆွမ်းလောင်းလှူခြင်းဖြစ်ပြီး ယခုအခါ (၆၁) နှစ်မြောက်ရှိပြီဖြစ်ကြောင်း ထိန်းချောင်းရွာ ဒေသခံများထံမှ သိရသည်။
"ဒီပျားရည်ဆွမ်း စတင်ကျင်းပစဉ်က ကန့်သတ်ချက်နဲ့ ပင့်တဲ့သံဃာ (၂၅) အပါး၊ အပါး (၃၀) ပဲပါတယ်။ ဆရာတော်လက်ထက်မှာ ပျားရည်ဆွမ်းလောင်လှူပွဲကို အကန့်အသတ် မရှိပါဘူး။ ကြွရောက်လို့ရပါတယ်။ ဒီပျားရည်ဆွမ်းက အကျိုးပိုကြီးတယ်။ ဆွမ်းပုဂ္ဂိုလ်ကို ကန့်သတ်ချက်မရှိဘူး။ ဒကာ၊ ဒကာမတွေ အကျိုးများအောင်ပါ။ စတင်ကျင်းပစဉ်အခါက ပင့်သံဃာ အပါး(၃၀)ပဲရှိပါတယ်။ အခုဆို အနယ်နယ်အရပ်ရပ်က သံဃာတွေနဲ့ အပါး (၂၀ဝ) ကျော်ရှိပါတယ်။ ဘေးပတ်ဝန်းကျင်ရွာတွေ့နဲ့ အနယ်အနယ်အရပ်ရပ်က ဆရာတော်၊ သံဃာတော်များနဲ့ သီလရှင်များလည်း ကြွရောက်လာကြပါတယ်။ ရွာ၊ အုပ်စု၊ မြို့၊ တိုင်းတွေက ကြွလာတာများပါတယ်။ ပျားရည်ဆွမ်း လောင်းလှူတာက ဒီနေရာတစ်ခုပဲရှိတယ်။ ထိန်းသိမ်းလာတာ အခုဆိုရင် (၆၁) နှစ်ရှိပါပြီ။ ပျားရည်ဆွမ်းနဲ့ပတ်သက်လို့ တတ်နိုင်သလောက်လှူတယ်။ ပျားရည်ဆွမ်းလိုအပ်လို့ ဒီထက်မက ဒကာ ဒကာမတွေ ကြီးကြီးကျယ်ကျယ် လှူဒါန်းနိုင်ပါစေ" ဟု ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာအုပ်စု၊ ထိန်ချောင်းကျေးရွာရှိ အောင်တော်မူ သာသနာ့ရိပ်သာကျောင်းတိုက် ဆရာတော်ဦးဣန္ဒောဘာသက ဩဝါဒမိန့်ကြားသည်။
ကဆုန်လပြည့်နေ့ရောက်တိုင်း ထူးခြားသည့် ပျားရည်ဆွမ်းလောင်းလှူပွဲတော်ကို ကောဇာသက္ကရာဇ် (၁၃၂၀) ခုနှစ်မှစတင်ကာ နှစ်စဉ် အစဉ်အလာမပျက် ကျင်းပလာခဲ့ကြောင်း ထိန်ချောင်းကျေးရွာရှိ အောင်တော်မူ သာသနာ့ရိပ်သာ ကျောင်းတိုက်ဆရာဘုရား၏ မိန်ကြားချက်အရသိရသည်။

"၁၃၁၈ ခုနှစ်မှာ ဒီကျောင်းရဲ့ မြေယာကို စတင်ပြင်ဆင်ခဲ့ပါတယ်။ နောက်ပြီးတော့ ကိုးနဝင်းစေတီတော် တစ်ဆူကိုလည်း တည်ထားဖို့ ဆောင်ရွက်ကြတယ်။ အဲဒီမှာ ဆရာတော်တွေ အရမ်းပင်းပန်းခဲ့ကြတယ်။ ဒီအတွက် ပျားရည် စတုမဓုတွေကို ကျေးရွာမှာရှိတဲ့ ဂေါပကလူကြီးတွေ ဦးဆောင်ကာ ဆရာတော်တွေကို ဆက်ကပ်ခဲ့ကြပါတယ်။ ပုံမှန်ပွဲလို ကျင်းပပြီး ဆက်ကပ်ခဲ့တာမဟုတ်ပါဘူး။ (၁၃၂၀) ခုနှစ်မှာကျတော့ ကိုးနဝင်းစေတီတော်ကြီးကို ကဆုန်လပြည့်နေ့မှာ ထီးတော်တင်ခဲ့ပါတယ်။ ရွာမှာ ဒုလ္လဘ ရဟန်းခံပွဲပါ ပြုလုပ်တဲ့အခါမှာ အနီးပတ်ဝန်းကျင်ရွာတွေက ဆရာတော်တွေကိုပါ ပင့်ဖိတ်ပြီး ပျားရည်ကို ဆီဆွမ်းလို လောင်းလှူရာက စတင်ခဲ့ပါတယ်။ ၁၃၂၀ ခုနှစ်မှ စတင်ကျင်းပခဲ့တာပါ။ ပျားရည်ဆွမ်းလောင်းလှူပွဲက တနင်္သာရီတိုင်းဒေသကြီးမှာ ထူးခြားတဲ့ပွဲတော်တစ်ခု ဖြစ်တဲ့အတွက် ဒေသခံဆရာတော်ကြီးများနှင့် အထက်အရပ်ဒေသမှ သံဃာတော်များလည်း ကြွလာလေ့ရှိပါတယ်။ နောက်တစ်ခုက ဆရာတော်၊ သံဃတော်တွေဆိုတာ ပင့်ဖိတ်မှကြွရတာဆိုတာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ လက်ရှိ ကျောင်းထိုင် ဆရာတော်လက်ထက်မှာ အကန့်အသတ်မရှိ ကြွရောက်နိုင်ပါတယ်"ဟု ကျွန်းစုမြို့နယ်၊ ထိန်ချောင်းကျေးရွာမှ ဒေသခံ ဦးပိုအင်ကပြောသည်။
ယခုနှစ် ပျားရည်ဆွမ်းလောင်းလှူပွဲသို့ ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးပေါင်း (၂၀) ကျော်၊ မြိတ်၊ တနင်္သာရီ၊ ပုလောမြို့နယ်၊ ထားဝယ်မြို့နယ်များမှ သံဃာတော်များအပြင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့၊ ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တို့မှ ဆရာတော်၊သံဃာတော်များလည်း အလှူခံ ကြွချီခဲ့ကြကြောင်း သိရသည်။
"ကျွန်မတို့ရဲ့ရွာမှာ ပျားရည်ဆွမ်းလောင်းလှူပွဲတော် ကျင်းပလာတာ အခုဆိုရင် (၆၁)နှစ်ရှိပါပြီ။ ဆရာတော်ကြီးထံမှ ဩဝါဒခံယူပြီး တစ်ရွာလုံးမှာရှိတဲ့ ရွာသူ ရွာသားအားလုံး ပူးပေါင်းဆောင်ရွက်ထားတာပါ။ ရွာတွေကတော့ များပါတယ်။ အခုဆိုရင် အနီးအနား ကျေးရွာတွေသာမက အနယ်နယ်အရပ်ရပ်က လာရောက်ပြီး ပျားရည်ဆွမ်းလောင်းလှူကြတာ တွေရပါတယ်။ ဒါကြောင့်တစ်နှစ်ထက်တစ်နှစ် ပိုပိုစည်းကားလာပါတယ်"ဟု ကျွန်းစုမြို့နယ်၊ ထိန်းချောင်းကျေးရွာသူ မသိဂီစိုးက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ကျွန်းဘုရင်ကြီးဟု နာမည်ကျော်ကြားသည့် ကတန်ကျွန်းကြီးပေါ်တွင် ကျွန်းစုမြို့နယ် တည်ရှိပြီး ကျေးရွာပေါင်း (၂၀) ကျော်မှ ဒေသခံများမှ နှစ်စဉ်ကဆုန်လပြည့်နေ့တွင် ပျားရည်ဆွမ်း လောင်းလှူ ပွဲတော်ကာလရ ောက်သည့်အခါ မိမိတို့ဥယျာဉ်ခြံများတွင် ကိုယ်တိုင်မွေးမြူထားသော ပျားအုံများမှ ပျားရည်များကို ထုတ်ယူ၍လည်းကောင်း၊ ဒေသခံအချို့က တောထဲမှပျားအုံများကို ဖွတ်ကာ ရရှိလာသည့် ပျားရည်များကိုလည်းကောင်း၊ အနယ်နယ်အရပ်ရပ်မှ လာရောက်သူများက ဒေသခံများထံမှ ပျားရည်တစ်ဗူးကို ငွေကျပ် (၈၀ဝဝ) ကျပ်ဖြင့် ဝယ်ယူ၍လည်းကောင်း ပျားရည်ဆွမ်းအဖြစ် လောင်းလှူကြကြောင်း ဒေသခံများထံမှသိရသည်။
"ဒီပျားရည်ဆွမ်းလောင်းတဲ့ ကုသိုလ်က တစ်အားထူးခြားပါတယ်။ ထူးခြားလို့လည်း နှစ်စဉ်မအားတဲ့ကြားက လောင်းလှူချင်လွန်းလို့ လာခဲ့တာပါ။ နောက်နှစ်တွေလည်း လာရောက်လှူဒါန်းဦးမှာပါ။ အခုဆိုရင် (၅) ကြိမ်ရှိပါပြီ" ဟု မြိတ်မြို့၊ ကျောက်ဖျာကျေးရွာအုပ်စု၊ အထူးဆိပ်ကျေးရွာမှ ပျားရည်ဆွမ်း လာရောက်လောင်းလှူသူ မစိုးစိုးအေးက ပြောသည်။

အဆိုပါ ပျားရည်ဆွမ်းလောင်လှူပွဲသို့ ကြွချီလာသည့် ရဟန်း၊ သံဃာတော်များနှင့် သီလရှင်များသည်လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပြီး ယခုနှစ်တွင် ဆရာတော်၊ သံဃာ (၂၁၆) ပါး၊ သာမဏေ (၂၈) ပါးနှင့် သီလရှင် (၃၄) ပါး၊ စုစုပေါင်းဆရာတော်၊ သံဃာတော်၊ သာမဏေနှင့် သီလရှင် (၂၇၈) ပါးတို့သည် ပျားရည်ဆွမ်း လောင်လှူပွဲသို့ ကြွရောက်ခဲ့ကြကြောင်း သိရသည်။
မြင့်ဦး(မြိတ်)