ထားဝယ် အောက်တိုဘာ ၂၉

တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဖလား၊ မြို့နယ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီးသက်ငယ်တန်း လက်ဝှေ့ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်း တွင် ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားရုံ၌ ကျင်းပခဲ့ပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို က အမျိုးသားသက်ငယ်တန်းတွင် ရွှေ (၄)ခု ရရှိသော မြိတ်မြို့နယ်အသင်းနှင့် အမျိုးသမီး သက်ငယ်တန်းတွင် ရွှေ (၅)ခု ရရှိသော ထားဝယ်မြို့နယ်အသင်းတို့ကို တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

လက်ဝှေ့ပြိုင်ပွဲတွင် အမျိုးသမီး (၄၅၊ ၄၈၊ ၅၇) ကီလိုတန်းနှင့် အမျိုးသား (၄၀၊ ၄၉၊ ၅၂) ကီလိုတန်းပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ ဌာနဆိုင်ရာများ၊ အားကစား သမားများ၊ ဝါသနာရှင်များနှင့် တာဝန်ရှိသူများက ကြည်ရှု့အားပေးကြပြီး ဆုချီးမြှင့်ခြင်း အခမ်း အနားကို ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် က အမျိုးသား/ အမျိုးသမီးတစ်ဦးချင်း အကောင်းဆုံး ဆုရရှိသူများကို လည်းကောင်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်း နှင့် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး တို့က အမျိုးသား (၄၀၊ ၄၉၊  ၅၂) ကီလိုတန်းပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူများကိုလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးနှင့် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး တို့က အမျိုးသမီး (၄၅၊ ၄၈၊ ၅၇) ကီလိုတန်းပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူများ ကိုလည်းကောင်း ဆုများ ပေးအပ် ချီးမြှင့်ကြသည်။

သတင်းစဉ်