နေပြည်တော် ဩဂုတ် ၂၄

 

တနင်္သာရီတိုင်းဒေသကြီး၊ ငါး၊ ပုစွန် ထုတ်လုပ်မှုတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများ တိုးတက်မှုသုံးသပ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ Green Jade Hotel တွင် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှသန်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ငါး၊ ပုစွန်နှင့် ရေထွက်ကုန်များကို ပြည်တွင်း၌ ဖူလုံစွာစားသုံးနိုင်ရေးနှင့် ပို့ကုန်တိုးမြှင့်ရေးအတွက် ရေသတ္တဝါ မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် သက်ဆိုင်ရာ သုတေသနလုပ်ငန်းများ ဦးစားပေးအလိုက် တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် သုတေသနလုပ်ငန်းများ ရေရှည်တည်တံ့ဖွံ့ဖြိုးစေရန် ပညာရှင်ဝန်ထမ်းများအတွက် အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးရန်လိုကြောင်း၊ ခိုင်မာသော ဖွဲ့စည်းပုံဖြစ်စေရန်၊ နည်းပညာရပ်ဆိုင်ရာ အတွေ့အကြုံဖလှယ်နိုင်ရန်နှင့် ကျွမ်းကျင်သော လူစွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရန် ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ရေသတ္တဝါများ မျိုးထိန်းသိမ်းရန်နှင့် မျိုးပြန့်ပွားရေး သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားပြီး အစည်းအဝေး တက်ရောက်လာကြသူများက တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဆိုင်ရာ သုတေသနရန်ပုံငွေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း မွေးမြူရေး သုတေသနစခန်း(ကျွန်းစု)အား အဆင့်မြှင့်တင်ခြင်း၊ ကလွင်ကျေးရွာရှိ ငါးလုပ်ငန်းစခန်း (GAqP Model Fram) အား အဆင့်မြင့်တင်မှု၊ ကျောက်ငါး (Epinephelus malabaricus, Malabar grouper)နှင့် ငါးပါးနီ (Lutjanus spp, red snapper) ငါးများအား မျိုးဥနှင့် မျိုးရည်များ ရင့်ကျက်လာစေရန် မတူညီသော အစာ၊ ဆေးဝါးများဖြင့် စမ်းသပ်သုတေသနပြုနေမှု၊ ကကတစ် (Lates calcarifer, Seabass) ငါးသားပေါက်များကို မတူညီသောအစာများ ကျွေးမွေး၍ သားပေါက်များ၏ ရှင်သန်နှုန်းနှင့် ကြီးထွားနှုန်းများအား စမ်းသပ်သုတေသနပြုခြင်း အခြေအနေများကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးတို့သည် ကျွန်းစုမြို့နယ်၊ ပထက်ကျေးရွာတွင် ကျင်းပပြုလုပ်သည့် တနင်္သာရီတိုင်းဒေသကြီး၊ ငါးလုပ်ငန်းအဖွဲ့ချုပ်က ငါးလုပ်ငန်းဦးစီးဌာနသို့ PCR စက် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးကြသည်။ 

 

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနတွင် ဆောင်ရွက်လျက်ရှိသည့် မြိတ်မြို့ဝန်းကျင်ရှိ ခရုနှင့်ကမာ ထုတ်လုပ်မှုအား လေ့လာခြင်း၊ နည်းစနစ်ကျစွာ အသားတိုးမွေးမြူခြင်းနှင့် သားဖောက်မွေးမြူ သုတေသနပြုလုပ်ခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်