ပုလော ၂၄ ဧပြီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များအတွင်း နှစ်စဉ် နွေရာသီ ရောက်တိုင်း သောက်သုံးရေရှားပါးပြတ်လပ်မှုများ ကြုံတွေရသည့်အတွက် ပုလောမြို့နယ် ရေပေးဝေရေး ကော်မတီနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ သောက်သုံးရေပြတ်လတ်မှုမရှိစေရန် ဧပြီလမှ စတင်၍ ရေများအခမဲ့ လှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ပုလောမြို့နယ်အတွင်းရှိ မြို့ပေါ်(၅)ရပ်ကွက်တွင် နွေရာသီရောက်တိုင်း သောက်သုံးရေ ရှားပါး ပြတ်လပ်မှုနှင့် ကြုံတွေ့ရသောကြောင့် ရပ်ကွင်းအတွင်းရှိ ရေစုကန်များတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ပုလောမြို့နယ် မီးသတ်ဉီးစီးဌာနမှ ဂါလန် ၁၂၀ဝ ဆန့် ဌာနပိုင်ရေသယ်ယာဉ်ဖြင့် နေစဉ်ရေဂါလန် ၃၂၀ဝ ကို အခမဲ့ လှူဒါန်းလျက်ရှိပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရေပေးဝေရေး ကော်မတီမှ ကြီးကြပ်၍လည်း ရေပြတ်လပ်သည့်ရပ်ကွက်များသို့ သောက်သုံးရေများ ကို အခမဲ့ သွားရောက် လှူဒါန်းပေးလျက်ရှိပြီး ယင်းသောက်သုံးရေများကို ခမောင်းတောကျေးရွာ ရေချိုချောင်းမှ သောက်သုံးရေများ စုပ်ယူပြီး မြို့ပေါ်ရပ်ကွက်များကို ရေများအခမဲ့ဖြန့်ဝေပေး နေကြောင်း မီးသတ်ဦးစီးမှူး ဦးကျော်ဇင်ထိုက်ထံမှ သိရှိရသည်။
အဆိုပါ ရေရှားပါးမှုများကို ဖြေရှင်းနိုင်ရန်အတွက် မြို့နယ်စည်ပင်သာရေးအဖွဲ့မှ ဦးဆောင်၍ လွတ်တော် ကိုယ်စားလှယ်များ၏ လမ်းညွှန်များကို လိုက်နာကာ ပုလောမြို့နယ်မှ ၁၂ မိုင်ခန့် ဝေးကွာသော ဇာတီဝင်းကျေးရွာ၊ တလိုင်းခေါင်းခတ် ရေတံခွန်မှ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းကို ယခု ဘဏ္ဍာနှစ်အတွင်း စတင်အကောင်ထည်ဖော်ဆောင်ရွက်နေပြီး ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း ပြီးစီးသွားပါက လာမည့်နှစ်အတွင်း ပုလောမြို့နယ်ရှိ ဒေသခံပြည်သူ့များအတွက် သောက်သုံးရေ အလုံအလောက် ရရှိနိုင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးဇော်နိုင်ဦးထံမှ သိရှိရသည်။
ထူးဝေယံ(ပုလော)


