ကော့သောင်း ၂၅ ဇွန်
တနင်္သာရီတိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းညွန့်သည် ကော့သောင်းခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ကော့သောင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးသန်းညွန့်က အဖွင့်ပြောကြားပြီး ကော့သောင်းခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက အသီးသီးမိတ်ဆက်ကြကာ တိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးထိန်လင်းဦးက ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကော့သောင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမောင်မောင်လေးက ကော့သောင်းခရိုင်အတွင်းမြို့နယ်အလိုက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ကော်မရှင်အဖွဲကခွဲ မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအားရှင်းလင်း တင်ပြပြီး တက်ရောက်လာသည့် ခရိုင်အတွင်းရှိ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက မိမိတို့မြို့နယ်အလိုက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေအားအသီးသီးတင်ပြဆွေးနွေးရာ တိုင်းဒေသကြီး၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် မဲဆန္ဒနယ်(၄၃)နယ်ရှိရာ မြိတ်၊ ကျွန်းစုတွင်မဲဆန္ဒနယ်(၁၂)ခု၊ ပြည်သူ့မဲဆန္ဒနယ်(၁၀)ခု၊ တိုင်းရင်းသားမဲဆန္ဒနယ်(၁)ခုနှင့် တိုင်းဒေသကြီးနှင့်မြို့နယ်များအတွင်း မဲဆန္ဒနယ်(၂၀)ခု ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်းကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် တိုင်းအတွင်းရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ မူ(၅)ချက်စံ(၅)ချက်နှင့်အညီ ဆောင်ရွက်ကြမည်ဖြစ်ပြီး အများပြည်သူယုံကြည်မှုရှိစွာဖြင့် ပြည်သူ့ဆန္ဒနှင့်အညီ လွတ်လပ်ပွင့်လင်းမျှတစွာမဲပေးနိုင်ရေး တစ်တိုင်းလုံးအနေဖြင့်မဲဆန္ဒရှင် စာရင်းများပြုစုထားရှိပြီးဖြစ်ရာ အသက်(၁၈)နှစ်ပြည့်ပြီးသည့်နိုင်ငံသားတိုင်း မဲဆန္ဒပေးနိုင်ရေး အဓိကတာဝန် တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


