ထားဝယ် နိုဝင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၁) အစည်းအဝေးကို နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက “ရင်းနှီးမြှပ်နှံရာတွင် အမှန်တကယ် လုပ်ကိုင်ချင်စိတ်ရှိသူများကို အားပေးပြီး ကူညီဆောင်ရွက် ပေးသင့်သည်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကူညီဆောင်ရွက်ရန် အသင့်ရှိကြောင်း၊ တနင်္သာရီတိုင်း ဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းများကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း” ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် Myanmar Beach Hotel Co., Ltd. က ကွင်းအမှတ် (၂၁၇ တီဇစ်)၊ မြေတိုင်းအမှတ်(N-၅၈-၉၁)၊ တီဇစ်၊ လောင်းလုံမြို့နယ်တွင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ခွင့်၊ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ရရှိထားသော Dawei Development Public Co., Ltd က ကွင်းအမှတ် (၁၆၉-A)၊ မောင်းမကန်(A) မောင်းမကန်ကျေးရွာ၊ လောင်းလုံမြို့နယ်တွင် ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ခွင့်တို့ကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)