ထားဝယ် ဇွန် ၂၄

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၅ /၂၀၂၂) အစည်းအဝေးကို ဇွန် ၂၄ ရက် နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကား ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ၊ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု Diamond Htee Khee Co., Ltd. က ကွင်းအမှတ်(၁၈/OSS)၊ ထီးခီးကျေးရွာ၊ အမြားကျေးရွာ အုပ်စု၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြေဧရိယာ ၇ ဒသမ ၅၀ ပေါ်တွင် ဟိုတယ်နှင့် အပန်းဖြေစခန်း တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ ဦးပိုင်အမှတ် - N (၂၉)၊ ကွင်းအမှတ် (၂၆၁)၊ ဆင်ထောင့်ကမ်းခြေအနီး၊ ဝဲမကိုက်ကျေးရွာ၊ ကျောက်တွင်းကျေးရွာအုပ်စု၊ လောင်းလုံးမြို့နယ်၊ ထားဝယ်ခရိုင်၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြေဧရိယာ ၅ ဧကတွင် အပန်းဖြေစခန်း ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Dawei RYSTCo., Ltd က မူလအတည်ပြုမိန့်ပါ တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ ဦးပိုင်အမှတ် (၁၂+၁၃)၊ ကွင်းအမှတ် (၁၇၃-က)၊ ကဘင်း၊ ကျောက်ဖျာကျေးရွာအုပ်စု၊ မြိတ်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြေဧရိယာ ၃ ဒသမ ၆၆ ဧကတွင် ငါးအမှုန့် ထုတ်လုပ်ဖြန့်ဖြူးခြင်းနှင့် ဆက်စပ်လုပ်ငန်းဆောင်ရွက်လျက်ရှိသော  Shwe Pale Thi Co., Ltd. က တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)